Friday, May 24, 2024

နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ် စတင်ဆောင်ရွက်

 

Grade-4 ကစပြီး Grade-12 အထိ ကလေးတွေအားလုံးကို စာအုပ်စာပေဖတ်ရှုဖို့ တရားဝင်အချိန်ဇယားရေးဆွဲပြီး စီစဉ်ဆောင်ရွက်ထား

နေပြည်တော် မေ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၃ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားကာယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။




အလားတူနေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးလုပ်ငန်း စဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျ နှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။

ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့်စပ်လျဉ်း၍ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “နိုင်ငံတော်အဆင့် လူထုလှုပ်ရှားမှုအသွင်နဲ့ မေ ၁၆ ရက်မှာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုင်းဘုတ်တွေကို နေပြည်တော် အထင်ကရနေရာတွေမှာ စိုက်ထူခဲ့ပါတယ်။ ကျောင်းအပ်နှံရေး စတင်ပြင်ဆင်ပြီဆိုတာနဲ့တစ်ပြိုင်နက် ကျောင်းသန့်ရှင်း သာယာလှပရေးနဲ့ ကျောင်းတွင်း ကျောင်းပြင်တွေကို ပြင်ဆင်ပါတယ်။ မေ ၂၃ ရက်က စပြီး ကျောင်းအပ်လက်ခံပြီဆိုတာကို ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေ၊ မိဘဆရာအသင်းတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်အသိပေးဆောင် ရွက်ခဲ့ပါတယ်။ ကျောင်းသား အသစ်အဟောင်း မည်သူမဆို ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါ ဇင်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတို့ကို ကျောင်းလာအပ်တာနဲ့ တစ်ပါတည်းပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကျွန်တော့်ကျောင်းမှာ ဆရာ ဆရာမများနဲ့ပတ်သက်ပြီး အလုံအလောက် ရှိပါတယ်။ ဌာနသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့အပြင် သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်ပြီး ဝိရောဓိမရှိလောက်အောင် ကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်။ သင်ရိုးညွှန်းတမ်းနဲ့အညီ ခွဲဝေထားတဲ့စာသင်ချိန်ကလည်း ပြီးပြည့်စုံတဲ့ ပညာရေးစနစ် တစ်ခုကိုသွားလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲက စာဖတ်ရှိန်မြှင့်တင်ရေး ကို အလေးပေးဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာရှိတဲ့အတွက် အချိန်ဇယားခွဲဝေမှုမှာစာဖတ်ချိန်ကို အလယ်တန်း ၄ ချိန်၊ အထက်တန်း ၃ ချိန်ပေးထားပါတယ်။ Grade-4 ကစပြီး Grade-12 အထိ ကလေးတွေအားလုံးကို စာအုပ်စာပေဖတ်ရှုဖို့ တရားဝင်အချိန် ဇယားရေးဆွဲပြီး စီစဉ်ဆောင်ရွက်ထားပါတယ်။ ကျောင်းသား ကျောင်းသူအားလုံး ပညာသင်ယူ နေတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပညာသင်ယူဖို့ အခွင့်အလမ်းကို ကျွန်တော်တို့ ပညာရေးဌာနက ဝန်ထမ်းတွေနဲ့ မိဘပြည်သူတွေ ပေါင်းစပ်ပြီး ကလေး၊ လူငယ်အားလုံး ပျော်ရွှင်ကျန်းမာစွာ ပညာသင်ယူကြပါစို့လို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူက “ကျောင်းအပ်နှံရေးနေ့လို့စပြီး သိရှိကတည်းက ကျောင်းဝင်း၊ ကျောင်းပြင်မှာ သန့်ရှင်းရေး ပြုလုပ်ထားပါတယ်။ စာသင်ခန်း တွေမှာလည်းခုံတွေ စနစ်တကျ နေရာချထားပါတယ်။ အခမဲ့ကျောင်းအပ်နှံရေးဖြစ်တဲ့အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား ကျောင်းသူတွေ အတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေကိုပေးအပ်သွားမှာ ဖြစ်ပါတယ်။ မူလတန်းအတွက် ကျောင်းဝတ်စုံ အဖြူအစိမ်းကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းပြောင်း ကျောင်းရွှေ့အတွက် ခက်ခဲတဲ့ဒေသတွေက လာရောက် အပ်နှံတယ်ဆိုရင် ကျောင်းပြောင်းလက်မှတ် မပါသော်လည်း ယာယီလက်ခံထားပါတယ်။ အမှန်တကယ်ခက်ခဲတဲ့ဒေသတွေမှာ တစ်နှစ်ပတ်လုံး ကျောင်းပြောင်းလက်မှတ် မရောက်ခဲ့ရင်လည်းလက်ခံပြီး စာမေးပွဲဖြေခွင့်ရအောင် ဆောင်ရွက်ပေးပါတယ်။ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဒီနှစ်မှာတော့ စာဖတ်ချိန် အချိန်ဇယားထည့်ဆွဲထားပါတယ်။ ယခင်အချိန်စာရင်း တုန်းကလည်းအတန်းစုံက တစ်ပတ်မှာတစ်ချိန် စာကြည့်တိုက် တက်ရပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့သားသမီးတွေကို ကျောင်းလာအပ်ကြဖို့ ဖိတ်ခေါ်ပါတယ်၊ တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။

အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေက “ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ သတ်မှတ်ပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ဒေသကဆိုရင် အဆင်ပြေသလို လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံချိန်ကိုတော့ ဝန်ထမ်းတွေ အများဆုံးနေထိုင်တာဖြစ်တဲ့ အတွက် မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ပါ တယ်။ နွေရာသီကျောင်းပိတ်ရက်မှာဆိုရင် သင်ကြားရေးဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေအတွက် သင်တန်းလေးတွေ ဖွင့်ပေးထားပါတယ်။ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာကြည့်ချိန်ကို အချိန်ဇယားထဲ ထည့်ဆွဲရမယ်ဆိုတော့ ကျောင်းသား ကျောင်းသူတွေအတွက် သင့်တော်ကောင်းမွန်တယ်လို့ ထင်မိပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာကို မဖြစ်မနေသင်ယူရမှာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ကျောင်းကို လာရောက်အပ်နှံကြပါလို့တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန် ဆောင်ရွက်ထားခြင်း၊ ပညာ ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်း၊ ကျောင်းအပ်ရန် စာသင်ခန်းများပြစနစ်ပုံ ဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများ အတွင်း၌လည်း စာသင်ခုံများစနစ်တကျ နေရာချထားခြင်းနှင့် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။

ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာဆရာမများနှင့် ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား ကျောင်းသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများက လုံခြုံရေးဆောင် ရွက်ပေးလျက်ရှိသည့် အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်း သွားလာနိုင်ရန်အတွက် ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေး ထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း အသီးသီး၌ ယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်း အဆင့်၌ ၅၂၃၀၆ ဦး၊ အလယ်တန်း အဆင့်၌ ၂၁၀၀၆ ဦးနှင့် အထက်တန်းအဆင့်၌ ၈၇၇၉ ဦး စုစုပေါင်း ၈၂၀၉၁ ဦး လာရောက်အပ်နှံကြကြောင်း သိရသည်။

သန့်ဂျိုင်း

ဓာတ်ပုံ - ကိုအေးသန်း

No comments:

Post a Comment