Friday, May 24, 2024

နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်

 နေပြည်တော် မေ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားကာယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စတင်ဆောင်ရွက်ကြသည်။





အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက် လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။

ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က “ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသားအသစ် လက်ခံဖို့အဖွဲ့နဲ့ ကျောင်းသား ဟောင်းလက်ခံဖို့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲပြီးလက်ခံပါတယ်။ ကျောင်းသား ဦးရေလက်ခံတဲ့အခါမှာ ကိုယ့်နယ်မြေက ကျောင်းသားတွေ လက်ခံပြီး ဝင်ဆံ့အင်အားရသေးတယ်ဆို ရင် နယ်ကျော်တွေကို လက်ခံပေး သွားမှာဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံရာမှာလည်း အဆင်ပြေချောမွေ့စေဖို့အတွက် မြေပုံလမ်းညွှန်ဆိုင်းဘုတ်တွေ လုပ်ပေးထားပါတယ်။ ကျွန်တော့်ကျောင်းအနေနဲ့ ဆရာဆရာမအင်အားလည်း လုံလောက်မှုရှိပါတယ်။ သင်ရိုးအသစ်က ပညာအရည်အချင်း အဆင့်မြင့်မားဖို့အတွက် မြှင့်ထားတဲ့ သင်ခန်းစာဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ကတော့ ကျေနပ်အားရမှုရှိပါတယ်။ ဒါပေမဲ့ စနစ်သစ်ပြင်ထားတာဖြစ်တဲ့အတွက် သင်ကြားရေးဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့တော့ အခိုက်အတန့် အခက်အခဲလေး တွေရှိပါတယ်။ ဒါတွေကလည်း နှစ်နှစ်၊ သုံးနှစ်ဆိုရင် အဆင်ပြေ သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲကလည်း စာဖတ်ရှိန် မြှင့်တင်ရေး ဦးတည်ချက် ချမှတ်ထားတဲ့အတွက် အလယ်တန်းနဲ့ အထက်တန်းအတွက် စာကြည့်ခန်း တစ်ခန်းထားရှိပါတယ်။ မူလတန်းဘက်မှာလည်း ကလေးတွေဖတ်ရှုနိုင်မယ့် စာအုပ်တွေနဲ့ စာကြည့်ခန်းတစ်ခန်း စီစဉ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ မိဘပြည်သူ တွေအားလုံး ကျောင်း သား ကျောင်းသူတွေကို ကျောင်းကို အရောက်ပို့ပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ် ” ဟု ပြောကြားသည်။

အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်ရီက “မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်လို့ သိလိုက်ရတဲ့အချိန်ကစပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းအပ်လက်ခံဖို့ တာဝန် ချထားမှုတို့အတွက် ဆရာ ဆရာ မတွေကို တာဝန်ပေးအပ်ရပါတယ်။ ကျွန်မက စာကြည့်တိုက် သက်ဝင်လှုပ်ရှားအောင် ပုံမှန်ဆောင်ရွက်ပါတယ်။ စာကြည့်တိုက်ရဲ့ စာဖတ်ရှိန်မြှင့်တင်ရေးကို အမြဲတမ်းဆောင်ရွက်ခဲ့ပါတယ်။ အခု နိုင်ငံတော်အစိုးရက စာဖတ် ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်တဲ့အတွက် စာသင်ချိန် ရှစ်ချိန်မှာ စာဖတ်ဖို့အတွက် ဒေသသင်ရိုး ချိန်မှာ တစ်ချိန်ထည့်ဆွဲထားပါတယ်။ သင်ရိုးသစ်သင်ကြားရေးမှာ အခက်အခဲမရှိစေရေးအတွက် နွေရာသီမှာ ထက်၊ လယ်၊ မူ အဆင့်အားလုံးက သင်ကြားရေးဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းပေး ထားပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းကို ရောက်ရှိရေးအတွက် အတန်းပိုင် ဆရာ ဆရာမတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ဆင့် ရပ်ကွက်ထဲမှာရှိတဲ့ ကလေးတွေ အားလုံး ကျောင်းအပ်နှံပေးဖို့ နှိုးဆော်ပါတယ်” ဟု ပြောသည်။

အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက် သင်းက “မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ အခြေခံကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် အဖြစ် ကျောင်းအပ်လက်ခံသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က အခမဲ့ ပညာရေးစနစ် ဖြစ်တဲ့အတွက် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ် စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်း ဝတ်စုံတွေကို အတန်းလိုက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါ တယ်။ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး၊ စာသင် ခန်းအတွင်း အလင်းရရှိရေး၊ စာသင်ခုံများ နေရာချထားရေးနဲ့ သန့်စင်ခန်းတွေကိုလည်း စနစ်တကျ ပြင်ဆင်ထားပါတယ်။ ဝန်ထမ်းရပ်ကွက်ဖြစ်တဲ့အတွက် ကျောင်းအပ်လက်ခံချိန်ကို မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ အရင်နှစ်ကတော့ စာသင်ချိန် ဇယားကို တစ်နေ့မှာ ၄၅ မိနစ်နဲ့ စာသင်ချိန် ရှစ်ချိန်ဆွဲထားပါတယ်။ ဒီနှစ်မှာတော့ စာဖတ်ရှိန်မြှင့်တင် ရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအချိန်မှာ စာဖတ်ဖို့အချိန်အဖြစ် ပြောင်းလဲထည့်ဆွဲသွားမှာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းရောက်ရှိရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူငယ်တွေအားလုံးက ကျောင်းကို ရောက်ရှိရမှာ ဖြစ်ပါတယ်။ ဗလငါးတန် ဖွံ့ဖြိုးဖို့အတွက် ကျောင်းတွေကနေ သင်ကြားပေးနေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေး၊ လူငယ်အားလုံး ကို ကျောင်းအပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာ သင်ကြားနိုင်ရေး အတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်စေ ရန် ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များစိုက်ထူထား ခြင်း၊ ကျောင်းအပ်ရန် စာသင်ခန်းများပြ စနစ်ပုံဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများအတွင်း စာသင်ခုံများစနစ်တကျ နေရာချထားခြင်းနှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ထား သည်ကိုလည်း တွေ့ရသည်။

ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများနှင့် ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ် အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည့် အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာနိုင်ရန် အတွက် ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း အသီးသီး၌ ယနေ့တွင် ကျောင်းအပ် နှံရေးလုပ်ငန်းစဉ်များကို ဆောင် ရွက်လျက်ရှိရာ မူလတန်းအဆင့်၌ ၅၂၃၀၆ ဦး၊ အလယ်တန်းအဆင့်၌ ၂၁၀၀၆ ဦးနှင့် အထက်တန်းဆင့်၌ ၈၇၇၉ ဦး စုစုပေါင်း ၈၂၀၉၁ ဦး လာရောက် အပ်နှံကြကြောင်း သိရသည်။

သန့်ဂျိုင်း

ဓာတ်ပုံ - အေးသန်း

No comments:

Post a Comment