ကိုလူလှ
လူ့ဘောင်လောကတွင် ကလေးသူငယ်ငယ်ရွယ်သူများသည် အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အသိပညာဗဟုသုတများ မရှိကြသေးပေ။ လက်ဦးဆရာ မိဘဆရာသမားများ၏ သွန်သင်ညွှန်ပြမှုများဖြင့် လူလားမြောက်ကြရသည်။ တစ်နည်းဆိုလျှင် အသိပညာတိုးလာစေရန် ကျောင်းတက်ပညာရှာကြရသည်။ ပညာကို ပြီးဆုံးအောင် အပတ်တကုတ် သင်ယူကြိုးပမ်းအားထုတ်လျှင် အားထုတ်သလောက် ထူးချွန်ထက်မြက်သူများ ဖြစ်လာကြသည်။ ပညာသင်ကြားမှုပြီးဆုံးသည့်အခါ မိမိကိုယ်ပိုင်ရပ်တည်နိုင်သော စွမ်းရည်၊ မိမိကိုယ်တိုင် ထိန်းကျောင်းနိုင်သော စွမ်းအားများရရှိပြီး မိမိ၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာနိုင်သည်။
ပညာတတ်ပေါများ
ထို့ကြောင့်
နိုင်ငံတိုင်း နိုင်ငံတိုင်းသည် နိုင်ငံတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေးအတွက် ပညာရေးတွင်
များစွာရင်းနှီးမြှုပ်နှံနေကြသည်။ ပညာရေးကို အားပေးမြှင့်တင်နေကြသည်။ ပညာတတ်များ
ပေါများရေး၊ လူသားအရင်းအမြစ်များ ကြွယ်ဝရေးကို မြော်တွေးပြီး အရွယ်ရောက်သူတိုင်း
ကျောင်းနေရေး၊ ကျောင်းနေသူတိုင်း ပညာတတ်များ ဖြစ်လာရေးကို
အလေးထားဆောင်ရွက်လျက်ရှိသည်။ ပညာရေးကို အားပေးသောနိုင်ငံများသည်
ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ပညာရေးကို အားပေးသည်ဆိုရာ၌ နိုင်ငံသားတိုင်းပညာကို
ဆုံးခန်းတိုင်သင်ကြားနိုင်ရေး၊ ပညာတတ်ပေါများလာရေးကို အလေးထားကြသည်။ ပညာတတ်များ ပေါများသဖြင့်
နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။ အမှား၊ အမှန်၊ အကောင်း၊ အဆိုးခွဲခြားရှုမြင်တတ်သူများ
များလာသည်။
ပညာတတ်ပေါများသော
နိုင်ငံများသည် အသိပညာကြွယ်ဝကြသဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ
အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးတို့ကို ခွဲခြားရှုမြင်သုံးသပ်နိုင်စွမ်းရှိပြီး
မိမိနိုင်ငံတိုးတက်မှုကို အထိအခိုက်မခံဘဲ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်ကြသည်။
သို့သော် ပညာတတ်သူတိုင်း အားလုံးကိုမဆိုလို၊ အတ္တကြောင့် မခွဲခြား၊ မရှုမြင်နိုင်သူများလည်းရှိသည်။
အသိခေါက်ခက် အဝင်နက်သူများလည်းရှိသည်။ မှန်ကန်စွာ တွေးတောဆင်ခြင်နိုင်စွမ်းရှိသည့်
ပညာတတ်များနည်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ လိုရင်းမှာ ပညာတတ်ပြီး မိမိနိုင်ငံ၊
မိမိဘဝကို အထိခိုက်မခံနိုင်သည့် ပညာတတ်များ၊ ခွဲခြားရှုမြင်
သုံးသပ်နိုင်စွမ်းရှိသည့် ပညာတတ်နိုင်ငံသားများ များများစားစား
ဖြစ်ထွန်းလာရေးဖြစ်သည်။
တည်ငြိမ်စွာဆောင်ရွက်
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်
နိုင်ငံရေးခံယူချက် မည်မျှကွဲလွဲသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
အထိအခိုက်မခံရေး ဘုံရည်မှန်းချက်ထားရှိကြသည်။ အိမ်နီးချင်း၊ ဒေသတွင်း
ဖွံ့ဖြိုးစနိုင်ငံများသည်ပင် အဆိုပါခံယူချက်များရှိနေကြပြီဖြစ်သည်။ အစိုးရက
ပညာကိုအားပေးပြီး ပြည်သူများက ပညာကို လိုလားကြသောကြောင့် နိုင်ငံ၏ ပညာအညွှန်း
ကိန်းမြင့်မားလာသည်။ သာဓကအားဖြင့် မကြာသေးသောကာလက ထိုင်းနိုင်ငံ၏
နိုင်ငံရေးအပြောင်းအလဲတွင် ကြီးမားသောရိုက်ခတ်မှုများရှိခဲ့သော်လည်း
ပညာတတ်မြောက်ကြသော နိုင်ငံသူ နိုင်ငံသားများ၏ ဆင်ခြင်တုံတရားကြောင့် တိုင်းပြည်ကို
အထိအခိုက်မခံဘဲ တည်ငြိမ်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ဆင်ခြင်တုံတရားရှိခြင်းမှာ
ပညာကြောင့်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံ၌
ပညာရေးတွင် အားနည်းချက်များရှိနေသောကြောင့် နိုင်ငံရေးတည်ငြိမ်မှု
အားနည်းမှုရှိနေသည်ဟု ပြောရမလိုဖြစ်သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း
ကောက်ယူမှုစစ်တမ်းများအရ စာတတ်မြောက်မှု ရာခိုင်နှုန်း ၉၂
ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် စာမတတ်သူ
ရာခိုင်နှုန်းအနည်းငယ် သာကျန်ရှိသဖြင့် ဝမ်းသာစရာဖြစ်သည်။ ကျန်ရှိသော စာမတတ်မြောက်သေးသူများ
အမြို့မြို့အနယ်နယ်အလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများပြုလုပ်ပေးပြီး
စာမတတ်သူပပျောက်အောင် ဆောင်ရွက်နေသည်။ သို့သော် အခြေခံပြည်သူများသည်
စာတတ်မြောက်ကြ၊ ကျောင်းနေခဲ့ ကြသော်လည်းအများစုမှာ မူလတန်းအဆင့်တွင်ပင်
ပညာသင်ယူမှုအဆုံးသတ်ခဲ့ပြီး ကျောင်းနေသည့်အရွယ် ကျော်လွန်သွားကြသည်ကို တွေ့ရသည်။
အကြောင်းအမျိုးမျိုး
အစီရင်ခံစာတွင်
ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်းနှင့်
အသက် (၁၂)နှစ်မှစပြီး ကျောင်းတက်နှုန်း စတင်ကျဆင်းလာကာ အသက်(၁၄)နှစ်နောက်ပိုင်း
အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာကျဆင်းလာသည်ကို ဖော်ပြထားသည်။ ကျောင်းဆက်မတက်သူ
၁၀ ဦးကို မေးမြန်းလေ့လာရာတွင် သုံးဦးသည် မိသားစုကို ကူညီနေရ၍ဟုဖြေဆိုပြီး
နှစ်ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ဖြေဆိုထားသည်။ အသက်သုံးနှစ်မှ
အသက် (၅၀) အတွင်းရှိသူတို့ ကျောင်းဆက်မတက်ရခြင်း အဓိကအကြောင်းရင်းမှာ မကျန်းမာခြင်း၊
ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန်
ငွေမတတ်နိုင်ခြင်းကြောင့် ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရခြင်းကြောင့် ၂၉
ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကူညီလုပ်ကိုင်ရခြင်းကြောင့်
၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် ပညာကိုစိတ်မဝင်စားခြင်း
ကြောင့် ၁၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် ကျောင်းဝေးလွန်းသည်ဟု အကြောင်းပြမှုကြောင့် ၄
ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရသည်။
အပတ်တကုတ်ဆည်းပူး
လူဖြစ်လာသည်နှင့်
ပညာကို ငယ်စဉ်အခါမှစ၍ သင်ကြားကြရသည်။ ကလေးသူငယ်အရွယ်အလိုက် တန်းစဉ်အဆင့်ဆင့်
ကူးပြောင်းအောင်မြင်အောင် သင်ကြားကြရသည်။ အသက်ငါးနှစ်မှ (၁၀)နှစ် အတွင်း မူလတန်း၊ (၁၀)
နှစ်မှ (၁၄) နှစ်အတွင်း အလယ်တန်း၊ (၁၄) နှစ်မှ (၁၆) နှစ်အတွင်း အထက်တန်းတို့ကို
အောင်မြင်ပြီးမြောက်အောင် သင်ကြားကြရသည်။ အတန်းတစ်တန်းကျလျှင်လည်းကောင်း၊
ပျက်ကွက်လျှင်လည်းကောင်း အခွင့်အရေးတစ်နှစ်ဆုံးရှုံးနောက်ကျသွားကြောင်း ကျောင်းသား
ကျောင်းသူမိဘများ သိရှိထားကြပြီးဖြစ်သည်။ ထို့ကြောင့် တန်းစဉ်အလိုက် တစ်နှစ်တစ်တန်း
ကူးပြောင်းအောင်မြင်အောင် ကျောင်းသားများက ကြိုးစားအားထုတ်ကြရသည်။ ပညာကို ဆုံးခန်းတိုင်အောင်
သင်ယူပြီးသည်အထိ ဆရာနှင့် နေ့စဉ် ထိတွေ့၍ ပညာကို အပတ်တကုတ် ရှာဖွေဆည်းပူးနေကြရသည်။
ပညာရေးဝန်ကြီးဌာန၏
မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄
သန်းရှိသည့်အနက် ပဉ္စမတန်းတက်ရောက်သူ ၁၁ ဒသမ ၃၇ သန်းရှိပြီး အလယ်တန်းအဆင့်
(၈)တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်းသာရှိသည်ဟု သိရသည်။ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ
အသက်ငါးနှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားပြီးသူ ၂ ဒသမ ၉ သိန်းနှင့် ဘွဲ့ရသူ သုံးသန်းရှိသည်ကို
တွေ့ရသည်။ အသက် ငါးနှစ်အထက် လူဦးရေ ၄၆ သန်းခွဲ ခန့်တွင် အသိပညာ၊ အတတ်ပညာတတ်မြောက်သူ
သုံးသန်းကျော်သာရှိသဖြင့် မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာတတ်မြောက်သူ အလွန်နည်းပါးနေသည်ဟု
ဆိုရမည်။ ပညာကို ပြီးဆုံးအောင်မသင်ယူကြတော့ဘဲ တန်းစဉ်ကူးပြောင်းမှု တစ်စတစ်စလျော့နည်းလာသည်မှာ
အဓိကအကြောင်းဖြစ်သည်။
၁
ရာခိုင်နှုန်းကျော်သာရှိ
နိုင်ငံတွင်
အသက်(၁၅)နှစ်အထက် လူဦးရေတစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉
သန်းရှိသည့်အနက် ထက်ဝက်ခန့်အရေအတွက်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာရှိသည်ကို
တွေ့ရသည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့အနက်
အသက်(၁၅)နှစ်အထက် ၄၅ ရာခိုင်နှုန်းသော လူဦးရေသည် စိုက်ပျိုးမွေးမြူရေးဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေကြပြီး ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်
ပါဝင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ အလယ်တန်းနှင့် အထက်တန်း ပြီးမြောက်သူများ
တက်ရောက်ကြသည့် နည်းပညာ၊ သက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာတန်းပြီးမြောက်သူများသည်
တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာရှိသည်။ သုံးသိန်းဆိုသော အရေအတွက်သည် အသက်(၁၅)
နှစ်အထက် လူဦးရေ၏ ၁ ရာခိုင်နှုန်းကျော်သာ ရှိသည်။
လေ့လာတွေ့ရှိချက်များအရ
သာမန်လုပ်ကိုင် စားသောက်နိုင်သည့် အခြေအနေဖြစ်အောင် အနည်းဆုံးအနေဖြင့် အလယ်တန်းအဆင့်ပညာရေး
ပြီးမြောက်အောင် သင်ကြားသင့်သည်။ မိဘများနှင့် တာဝန်ရှိသူများ၊ လုပ်ကိုင်နိုင်စွမ်းရှိသူ
နိုင်ငံသားအားလုံးက တိုင်းပြည်နှင့်မျိုးဆက်များ၏ အနာဂတ်ကိုမြော်တွေး၍
ခိုင်မာသည့်လမ်းခင်းပေးရန်လိုအပ်သည်။ စုစည်းညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့်
အောင်မြင်မှုရသည့် သာဓကများစွာရှိသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးအားလုံး
ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံးအလယ်တန်းအဆင့် (KG+9)ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့်
အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါက တိုင်းပြည်အနာဂတ်အတွက် စိတ်အေးဖွယ်ရာဖြစ်သည်။
ကျောင်းနေရေးထောက်ကူ
သုတေသနပြုချက်များအရ
ကလေးသူငယ်များအား ကျောင်းထားရန် တွန့်ဆုတ်နေကြသည့် မိဘများကို ပညာတန်ဖိုးကို
နားလည်သဘောပေါက်လာအောင် စည်းရုံးပြီး နိုင်ငံတော်နှင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက
ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ကို ယုံကြည်လာအောင် စွမ်းဆောင်ပေးနိုင်ကြပါက မိမိတို့၏
ရင်သွေးကလေးသူငယ်များ ကျောင်းပရဝဏ်အသီးသီးသို့ စုံစုံညီညီရောက်ရှိလာမည်မှာ
သေချာသည်။ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊
ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသလို အတန်းကူးပြောင်းသွားကြသည့်
ကျောင်းသားများထံမှ ကျောင်းဝတ်စုံ များနှင့် စာအုပ်များကို လိုအပ်သည့် ကျောင်းသားများထံ
လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ် ကျောင်းနေရန် အခက်အခဲရှိသည့်
ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့်မိဘများ၏
ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက်လျော့ကျစေနိုင်ပြီး ကလေးများကို
ကျောင်းထားရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ကျောင်းသားမိဘများအနေဖြင့်လည်း
မိမိသားသမီးများကို အမှန်တကယ် စာတတ်မြောက် စေရန် အရည်အသွေးရှိသည့်ပညာများကို
သင်ကြားပေးနိုင်မည်ဟု ယုံကြည်သည့်ကျောင်းများတွင်သာ ကျောင်းထားလိုကြမည်ဖြစ်သည်။
ထို့ကြောင့်လည်း ဆရာ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့်ဘွဲ့နှင့် သင်ကြားနေသည့်
ဘာသာရပ်ကိုက်ညီရေး၊ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ
သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်း များမွမ်းမံရေး၊
ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးကြရေးတို့သည် အလွန်အရေး ကြီးသည်။
အလယ်တန်းအဆင့် ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာ
သင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည်ဖြစ်သည်။
ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို
အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို အဖြေရှာပြီး ဖြေရှင်းပေးကြရမည်ဖြစ်သည်။
ရင်ပေါင်တန်းနိုင်ရန်
နိုင်ငံတော်အနေဖြင့်
ကျောင်းနေအရွယ် ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင်
ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Education for All ဆိုသည့်အတိုင်း
အားလုံးအတွက် ပညာရေးကို မဖြစ်မနေအကောင်အထည်ဖော်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ကလေးသူငယ်
လူငယ်လူရွယ်အားလုံး ကျောင်းနေနိုင်ရေးဖြစ်သည်။ ရည်မှန်းချက်သို့ရောက်သည်အထိ
စဉ်ဆက်မပြတ် ပညာသင်နိုင်ရေးဖြစ်သည်။ နိုင်ငံအတွင်း ပညာတတ်သူများပေါများလာရေးဖြစ်သည်။
ပေါကြွယ်ဝသည့် ပညာတတ်များ၊ လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံကိုတည်ဆောက်ကြရန်၊
နိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်ဖြစ်သည်။
၂၀၂၄-၂၀၂၅
ပညာသင်နှစ်အတွက် မကြာမီရက်ပိုင်းအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ်သို့
ရောက်ရှိပြီဖြစ်သည်။ ယခုပညာသင်နှစ်အတွက် ပညာရေးနှိုးဆော်ချက်ဆောင်ပုဒ်မှာ
“ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်သည်။
၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများအားလုံး
ဖွင့်လှစ်တော့မည်ဖြစ်သည်။ မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြို့နယ်အသီးသီးရှိ
မိဘအုပ်ထိန်းသူများက မိမိတို့ ရင်သွေးငယ်များအား ကျောင်းအပ်နှံပေးကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ငါးနှစ်အရွယ် ကလေးငယ်များကို သူငယ်တန်း (KG) သို့
အပ်နှံပေးကြပါရန်၊ ခြောက်နှစ်အရွယ် ကလေးငယ်များကို ပထမတန်း (Grade-1)သို့ အပ်နှံပေးကြပါရန် အသိပေးအပ်ပါသည်။
အဆင်ပြေသော
မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အတန်းတစ်တန်းသို့
ကူးပြောင်းပညာသင်ယူနိုင်ရေးအတွက် နိုးကြားတက်ကြွနေကြသည်။ အဆင်မပြေသော
မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏
ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများဖြင့် အနည်းဆုံး KG+9 သို့ ရောက်အောင် သင်ကြားကြရန်နှင့် ကလေးငယ်၏
အနာဂတ်၊ မိသားစု၏ အနာဂတ်၊ နိုင်ငံ၏ အနာဂတ်ကို မြော်တွေး၍ ပညာသင်ချိန်အရွယ်တွင် ပညာကို
ဖြောင့်ဖြောင့်တန်းတန်း ကြိုးစားသင်ယူကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။ ။

No comments:
Post a Comment