ဒေါက်တာဆုစန္ဒာအောင် (သစ်တောဦးစီးဌာန)
၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြေကမ္ဘာထိပ်သီးညီလာခံ (Earth Summit) ဟု အများသိကြသည့် ကမ္ဘာ့ကုလသမဂ္ဂသဘာဝဝန်းကျင်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံ (The United Nations Conference on Environment and Development-UNCED) မှ ဇီဝမျိုးစုံမျိုးကွဲ၊ ရာသီဥတုပြောင်းလဲမှုနှင့် သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာ အောက်ပါနိုင်ငံတကာကွန်ဗင်းရှင်း (၃) ခု ပေါ်ထွက်ခဲ့ပါသည်-
(က) ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity- CBD)၊
(ခ) ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United
Nations Convention to Combat Desertification-UNCCD)၊
(ဂ) ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United
Nations Framework Convention on Climate Change-UNFCCC)။
CBD တွင် ဇီဝမျိုးစုံမျိုးကွဲများအား နိုင်ငံအလိုက် ထိန်းသိမ်းရန်၊
မိမိတို့နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများအား ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန်နှင့်
မျိုးရိုးဗီဇအရင်းအမြစ်များအား အသုံးချခြင်းမှ ထွက်ပေါ်လာ သည့်အကျိုးရလဒ်များအား
ကမ္ဘာ့နိုင်ငံများအကြား ညီမျှစွာခံစားနိုင်ရန် ရည်ရွယ်ချက်များဖြင့်
ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ CBD အတွင်းရေးမှူးရုံးကို ကနေဒါနိုင်ငံ
မွန်ထရီရယ်မြို့တွင် အခြေစိုက်ထားပြီး CBD လုပ်ငန်းများကို United
Nations Environment Programme (UNEP) ၏ လုပ်ငန်းစဉ်အောက်တွင်
ထည့်သွင်းဆောင်ရွက်ပါသည်။ CBD အတွင်းရေးမှူးရုံးသည်
အစည်းအဝေးများ ဦးဆောင်ကျင်းပခြင်း၊ CBD လုပ်ငန်းစဉ်များ
အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးခြင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ စုစည်းခြင်း၊ ဖြန့်ဝေခြင်းတို့ကို
ဆောင်ရွက်ခဲ့ပါသည်။
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ
နိုင်ငံအဆင့် မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်
မြန်မာနိုင်ငံသည်
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity-CBD) ၏
အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၃-၂-၁၉၉၅ ရက်နေ့မှစတင်၍ ပါဝင်ဆောင်ရွက်လျက်ရှိပြီး CBD
အကောင်အထည်ဖော်ခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံရှိ
ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ်
အသုံးပြုနိုင်ရေးတို့အတွက် CBD ၏ အဖွဲ့ဝင်နိုင်ငံများမှ ရေးဆွဲအကောင်
အထည်ဖော်ရသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာနိုင်ငံအဆင့် မဟာဗျူဟာနှင့်
လုပ်ငန်းစီမံချက် (National Biodiversity Strategies and Action Plans
-NBSAP) ၂၀၁၅-၂၀၂၀ ကို ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ရေးဆွဲခဲ့ပြီး ၎င်းဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်
ပူးပေါင်းအကောင်အထည်ဖော်ဆောင်ခဲ့ကြပါသည်။
မြန်မာနိုင်ငံသည်
CBD သို့
အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ဇီဝလုံခြုံမှုဆိုင်ရာ ကာတာဂျီးနား
နောက်ဆက်တွဲစာချုပ် (Cartagena Protocol on Biosafety) ကို
၁၃-၅-၂၀၀၈ ရက်နေ့တွင်လည်းကောင်း၊ ဇီဝအရင်းအမြစ်များအား အကျိုးတူခွဲဝေခြင်းဆိုင်ရာ နာဂိုယာနောက်ဆက်တွဲစာချုပ်
(Nagoya Protocol on Access and Benefit-sharing) ကို ၁၂-၁၀-၂၀၁၄
ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
၂၉-၁၂-၁၉၉၃
ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင်
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းကိစ္စရပ်များကို
ပိုမိုနားလည်သဘောပေါက်စေရန်နှင့် သတိပြုမိစေရန်အတွက် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း မေလ
၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
ယခုနှစ်၂၀၂၄
ခုနှစ် မေလ ၂၂ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ “International Day for Biodiversity” အတွက်
ဆောင်ပုဒ်မှာ “Be part of the Plan: ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး
လူတိုင်းပါဝင်ဆောင်ရွက်ပေး” ဟူ၍ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “Be part of the Plan” သည်
ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အစီအစဉ်(Biodiversity Plan) တစ်ခုဖြစ်သည့်
ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမူဘောင် (the
Kunming-Montreal Global Biodiversity Framework) ကို
အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ထောက်ပံ့ပေးခြင်းဖြင့်
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းကို ရပ်တန့်စေရန်အတွက် ဆက်စပ်ပတ်သက်သူများအားလုံး
ပူးပေါင်းပါဝင်လာစေရန် တွန်းအားပေးလုပ်ဆောင်ခြင်း ဖြစ်ပါသည်။
ပန်းတိုင်
၄ ခုနှင့် ရည်မှန်းချက် ၂၃ ခု ပါဝင်သည့် ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ
ဇီဝမျိုးစုံမျိုးကွဲမူဘောင်သည် အစိုးရဌာနများ၊ ဌာနေတိုင်းရင်းသားလူမျိုးများ၊
ဒေသခံများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်
ပုဂ္ဂိုလ်တစ်ဦးချင်းသည် ဇီဝမျိုးစုံမျိုးကွဲအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင်
ပံ့ပိုးပေးမည့်နည်းလမ်းများ ရှာဖွေ၊ အကြံပြုပေးရန် တိုက်တွန်းထားပြီး
လူတိုင်းပါဝင်နိုင်သည့် အခန်းကဏ္ဍများလည်း ပါရှိသောကြောင့် လူတိုင်းသည်
ဇီဝမျိုးစုံမျိုးကွဲအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲအစီအစဉ်သည် သဘောတူညီမှုများ (Agreements) မှ လုပ်ငန်းဆောင်ရွက်မှုများ
(Actions) သို့ ရောက်ရှိစေရန် အစိုးရများ၊
လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်စေသည့် အရေးကြီးသော အစီအစဉ်တစ်ခုဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ
ဇီဝမျိုးစုံမျိုးကွဲများနေ့သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်၊
ပြန်လည်တည်ထောင်ရန်၊ သဘာဝနှင့်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်စေရန်၊ အကျိုးကျေးဇူးများကို မျှမျှတတဖြစ်စေနိုင်ရန်၊ သဘာဝအတွက် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်ရန်နှင့်
ပူးပေါင်းဆောင်ရွက်ရန်တို့အတွက် အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းဆောင်ရွက်ပေးနေသည့်
အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့်
သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) အရ
ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကုန်းမြေ၊ ပင်လယ်နှင့် အခြားရေဂေဟစနစ်များ၊
၎င်းတို့ပါဝင်နေသော ဂေဟဗေဒအရ ဆက်စပ်မှုရှိသည့် အရင်းအမြစ်အားလုံး၏ သက်ရှိများ
အကြား ကွဲပြားမှုကိုဆိုလိုသည်။ ယင်းစကားရပ်တွင် မျိုးစိတ်များအတွင်း ကွဲပြားမှု၊
မျိုးစိတ်များအကြား ကွဲပြားမှုနှင့် ဂေဟစနစ်များအကြား ကွဲပြားမှုလည်းပါဝင်သည်။
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း၏
ထုတ်ပြန်ချက်အရ ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ၏ လူမှုဘဝဖူလုံရေး၊
ကျန်းမာသော ကမ္ဘာမြေ၊ သာယာဝပြောသောစီးပွားရေးအတွက် အခြေခံအကျဆုံး
လိုအပ်ချက်ဖြစ်ပြီး မိခင်ကမ္ဘာနှင့် ညီညွတ်မျှတစွာ အတူယှဉ်တွဲနေထိုင်
လျက်ရှိပါသည်။ လူသားများသည် အစားအစာ၊ ဆေးဝါး၊ စွမ်းအင်၊ သန့်ရှင်းသောလေနှင့် ရေ၊ သဘာဝဘေးအန္တရာယ်များမှ
လုံခြုံမှု၊ အပန်းဖြေမှုနှင့် ယဉ်ကျေးမှုစသည်တို့အတွက် ဇီဝမျိုးစုံမျိုးကွဲများ
အပေါ် မှီခိုနေရပြီး ၎င်းသည် ကမ္ဘာပေါ်ရှိ သက်ရှိစနစ်အားလုံးကို ပံ့ပိုးပေးသည်။
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည်
သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်းနှင့် ပြင်ပရှိ
မြန်မာ့တောရိုင်းတိရစ္ဆာန်များနှင့် အပင်များ ရေရှည်တည်တံနိုင်ရေးအတွက်
အကြောင်းအမျိုးမျိုးကြောင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နေသော နို့တိုက်သတ္တဝါ၊
တွားသွားသတ္တဝါ၊ ငှက်များနှင့် အပင်မျိုးစိတ်များကို စီမံချက်များချမှတ်၍
အကောင်အထည်ဖော်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ တောဆင်ရိုင်းများ၊ ကျားများ၊
မြန်မာ့ရွှေသမင်များ၊ မိကျောင်းများ၊ ကြယ်လိပ်များ၊ ကုန်းနေရေနေနှင့်
တွားသွားသတ္တဝါများ လေ့လာဖော်ထုတ် ထိန်းသိမ်းကာကွယ်ခြင်း၊ ရေဝပ်ဒေသများ
ထိန်းသိမ်းခြင်း၊ အပင်၊ သစ်ခွနှင့် ပရဆေးပင်များ ထိန်းသိမ်းကာကွယ်ခြင်း စသည်ဖြင့်
လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
နေရင်းဒေသပြင်ပ၌
ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ရှားပါး၍ မျိုးသုဉ်းရန်အန္တရာယ်ရှိသော
အပင်နှင့်တိရစ္ဆာန်များ မျိုးဆက်မပြတ်စေရေးအတွက် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၊ မန္တလေးရတနာပုံဥယျာဉ်နှင့် ပြင်ဦးလွင်မြို့
အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း စုဆောင်းစိုက်ပျိုး မွေးမြူထိန်းသိမ်းလျက်ရှိပါသည်။
ထိန်းသိမ်းရေး၊
သုတေသနလုပ်ငန်းများ
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရာ၌
အထောက်အကူဖြစ်စေရန်နှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရန်အတွက် သစ်တောဦးစီးဌာနသည်
သုတေသနလုပ်ငန်းများကို ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခဲ့ရာ ရွှေသမင်များ၏
ဂေဟစနစ်သုတေသနလုပ်ငန်း၊ မိကျောင်းများ နေရင်းဒေသအတွင်း
ပြန်လည်စေလွှတ်ရေးသုတေသနလုပ်ငန်း၊ ကြယ်လိပ်များ မျိုးပွားရေးအတွက်
သုတေသနပြုလုပ်ခြင်းလုပ်ငန်း၊ သစ်ခွများမျိုးပွားရေးအတွက်
သုတေသနပြုလုပ်ခြင်းလုပ်ငန်း၊ ကျားအပါအဝင် အခြားတိရစ္ဆာန်များကို
နိုင်ငံတကာတိရစ္ဆာန်ဥယျာဉ်များနှင့် ဆက်သွယ်၍ တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်အရ
လဲလှယ်ပြီး နိုင်ငံအတွင်း၌ မျိုးပွားရေးသုတေသနလုပ်ငန်း၊ သစ်ပင်ကြီးများ၊ ဝါး၊
ကြိမ်၊ ပရဆေးပင်များ စုဆောင်း၍ ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံသည်
ပထဝီဝင်အနေအထားအရ ဟိမဝန္တာတောင်စဉ် တောင်တန်းဒေသများတွင် ပါဝင်နေသည်သာမက
အင်ဒိုချိုင်းနားနှင့် မလေးကျွန်းဆွယ်ဒေသတို့အတွင်း ထိစပ်ပါဝင်နေသည့်အတွက်
ဇီဝမျိုးစုံမျိုးကွဲများစွာတို့ကို တွေ့မြင်နိုင်သည့် ဇီဝပထဝီဝင် (Biogeography) အနေအထားအရ
ထူးခြားကောင်းမွန်သည့် နိုင်ငံတစ်ခုအဖြစ်လည်း ထင်ရှားပါသည်။ ရေခဲတောင်ဂေဟစနစ်မှသည်
ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်အထိလည်း တွေ့ရှိနိုင်သည့်အတွက်
ဂေဟစနစ်မျိုးစုံရှိသည့် နိုင်ငံတစ်ခုဖြစ်သည်သာမက ၎င်းဂေဟစနစ်များတွင်
ရှင်သန်ပေါက်ရောက်နေထိုင်ကြသည့် သဘာဝအပင်မျိုးစိတ်များနှင့်
သတ္တဝါမျိုးစိတ်များစွာတို့ကို တွေ့ရှိနိုင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်လှသည့်အပြင် သဘာဝပတ်ဝန်းကျင်
အခြေအနေကောင်းများစွာ ဖြစ်တည်နေသည့်အတွက် ရေရှည်တည်တံ့စေရေး
ထိန်းသိမ်းကာကွယ်ရန်မှာ နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်
တည်ရှိနေပြီး ဆက်လက်ထိန်းသိမ်းကာကွယ်သွားကြရန် ထိန်းသိမ်းရေးအသိအမြင်များနှင့်
ထိရောက်သည့် စီမံအုပ်ချုပ်မှုစနစ်ကောင်းများရှိရန် လိုအပ်လှပေ သည်။
မြန်မာနိုင်ငံသည် သစ်တောအမျိုးအစားနှင့် ဂေဟစနစ်မျိုးစုံသည့်အလျောက်
အပင်မျိုးစိတ်များ၊ နို့တိုက်သတ္တဝါများ၊ ကျေးငှက်၊ ကုန်းနေရေနေနှင့်
တွားသွားသတ္တဝါများ၊ ရေနေသတ္တဝါများ မျိုးစိတ်အမြောက်အမြား ကျက်စားနေထိုင်မှုကို
ဖော်ထုတ်တွေ့ရှိရပါသည်။ ကျား၊ အာရှဆင်၊ မြန်မာနှာခေါင်းလန်မျောက်မျိုးစိတ်၊ ပန်ဒါနီ၊
ရွှေရောင်သားမင်း၊ အင်းကျား၊ ကြံ့သူတော် စသည့်ရှားပါးသတ္တဝါများသာမက
မြန်မာ့ဒေသမျိုးရင်းသတ္တဝါများနှင့် အပင်မျိုးစိတ်များဖြစ်သည့် သစ်ခွနက်၊
သော်ကကြီး၊ မြန်မာ့ကြယ်လိပ်၊ ရွှေသမင်၊ မျက်ခုံးဖြူ ငှက်ပြာခြောက် စသည်တို့ကိုလည်း
ဖော်ထုတ်မှတ်တမ်းတင်ထားရှိပါသည်။
ရှားပါးဆောင်းခိုငှက်မျိုးစိတ်များ
မြန်မာနိုင်ငံသည်
ဒေသပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက်များကျရောက်သည့်
နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့မြောက်ခြမ်းဒေသများမှ ငှက်မျိုးစိတ်များ
ဆောင်းခိုကျရောက် ကျက်စားသည့်နိုင်ငံလည်းဖြစ်၍ ကမ္ဘာလုံးဆိုင်ရာ
မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရှားပါးဆောင်းခိုငှက်မျိုးစိတ်များ ကျရောက်ခိုလှုံကျက်စားမှုရှိကြောင်းကိုလည်း
တွေ့ရှိရပါသည်။ အလားတူ ရှားပါးငှက်မျိုးစိတ်များဖြစ်သည့် ဟိမဝန္တာလင်းတငှက်များ၊
သိန်းစွန်၊ လင်းယုန် ငှက်မျိုးစိတ်များပါ ကျရောက်ကျက်စားမှုရှိကြောင်း
လေ့လာမှတ်တမ်းတင်ထား ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း
အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ဒေသတွင်းလုပ်ငန်းအဖွဲ့များတွင်လည်း
တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
သဘာဝအရင်းအမြစ်များဖြစ်သည့်
ဇီဝမျိုးစုံမျိုးကွဲများကို လူသားတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းရန်
အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ အခြားနည်းလမ်းများကြောင့်
ပျက်စီးထိခိုက်စေခြင်းတို့သည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည်သာမက
ဂေဟစနစ်များကိုလည်း ပျက်စီးစေသဖြင့် ကမ္ဘာပေါ်မှ တောရိုင်းတိရစ္ဆာန်များ၊ သဘာဝသယံဇာတအရင်းအမြစ်များ
လျော့နည်းပျောက်ကွယ် ဆုံးရှုံးလျက်ရှိသည်။ ထိုကဲ့သို့ လူသားတို့ပယောဂကြောင့်
ပျက်စီးဆုံးရှုံးနေမှုများကို သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ ပြန်လည်တိုးတက်ဖြစ်ထွန်းလာစေရေး၊
ဂေဟစနစ်များ ညီညွတ်မျှတစေရေးတို့အတွက် ပြန်လည်ထိန်းသိမ်းကာကွယ်ရန်မှာလည်း လူသားများ၏
တာဝန်တစ်ရပ်ပင်ဖြစ်ပေရာ ယခုနှစ်ကွန်ဗင်းရှင်းဆောင်ပုဒ် “Be Part of the Plan” အဖြစ်
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် တစ်ဦးတစ်ယောက်ချင်းစီက မိမိတို့အသံ၊
မိမိတို့မူဟန်ဖြင့် ပါဝင်ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲများကို
ထိန်းသိမ်းရေးဆောင်ရွက်ရာ၌ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာများ၊
သုတေသနဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆက်စပ်ကဏ္ဍ၊ အဖွဲ့အစည်းအသီးသီးတို့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့များ၏ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် မေလ ၂၂
ရက်နေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့ (International Day for Biodiversity-
IDB) ကို ဂုဏ်ပြုရင်းလူသားအားလုံးတို့သည် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက်
၎င်းတို့မှီတင်းနေထိုင်ရာ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြပါရန်
နှိုးဆော်တိုက်တွန်းလိုက်ပါသည်။
2024
- Be part of the Plan
2023
- From agreement to action:
Build back biodiversity
2022
- Building a shared
future for all life
2021
- We’re part of the
solution
2020
- Our solutions are in
nature
2019
- Our Biodiversity, Our
Food, Our Health
2018
- Celebrating 25 Years of Action for Biodiversity
2017
- Biodiversity and
Sustainable Tourism
2016
- Mainstreaming Biodiversity; Sustaining People and their Livelihoods
2015
- Biodiversity for Sustainable Development
2014
- Island Biodiversity
2013
- Water and Biodiversity
2012
- Marine Biodiversity
2011
- Forest Biodiversity
2010
- Biodiversity,
Development and Poverty Alleviation
2009
- Invasive Alien Species
2008
- Biodiversity and
Agriculture
2007
- Biodiversity and
Climate Change
2006
- Protect Biodiversity
in Drylands
2005
- Biodiversity: Life
Insurance for our Changing World
2004
- Biodiversity: Food, Water and Health for All
2003- Biodiversity and poverty alleviation - challenges for
sustainable development
2002
- Dedicated to forest biodiversity
အကိုးအကားများ
• https://www.cbd.int/biodiversity-day#:~:text=This%20universal% 20observance%20commemorates%20the,Protocols%20and%20related%20action%20frameworks.
• https://www.cbd.int/gbf











No comments:
Post a Comment