မုဒုံ မေ ၂၀
ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းများသာမက ပြည်ပပို့ကုန်များအတွက် အရေးပါသော စက်မှုကုန်ကြမ်းဖြစ်သော်လည်း ရော်ဘာအစေးခြစ်ခြံအများစုမှာ မိုးများသောကာလများ၌ အစေးခြစ် ခြင်းများကို ရပ်နားထားရပြီး အစေးခြစ်ရက်ယူနိုင်သော ကာလလျော့နည်းသည့်အတွက် အထွက်နှုန်းလည်း သိသိသာသာလျော့နည်းလာသည်။
ယခုအခါတွင်လည်း
အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသည့်အတွက် အစေးခြစ်ရက်များ
လျော့နည်းလျက်ရှိသည်။ တစ်နိုင်ငံလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ရော်ဘာစိုက်ပျိုးသော
ဒေသများဖြစ်သည့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တစ်နှစ်လျှင်
ပျမ်းမျှမိုးရွာရက် ၁၂၄ ရက်နှင့်အထက်၊ မိုးရေချိန် ၁၂၀ လက်မနှင့်
အထက်ရှိခြင်းကြောင့် ပင်စည်လုံးပတ်ဝက်ရက်ခြား ခြစ်ခြင်း (S/2d2) စနစ်ဖြင့် ပုံမှန်အစေးခြစ်ပါက
အစေးခြစ်ရက် (၁၀၅ - ၁၁၀) ရက်ရရှိပြီး မိုးရာသီကာလ မိုးကာတပ်ဆင်၍ (S/2RGd2) စနစ်ဖြင့် အစေးခြစ်ပါက ရက် ၁၇၀ ခန့်ရရှိကာ အစေးခြစ်ရက် ၆၀ ခန့်
ပိုမိုရရှိခြင်းကြောင့် ရော်ဘာအထွက်နှုန်းမှာ ၆၀ ရာခိုင်နှုန်းခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း
မုဒုံမြို့နယ် နှစ်ရှည်ပင်များ သုသေတနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတာဝန်ခံ
ဦးမောင်မောင်မြင့်က ပြောသည်။
မိုးကာအုပ်အစေးခြစ်ခြင်းစနစ်သည်
မိုးရာသီကာလအတွင်း အစေးမခြစ်မီ သို့မဟုတ် အစေးခံထားဆဲအချိန်၌ မိုးရွာလျှင်အပင်
အထက်ပိုင်းမှ စိမ့်ကျလာသော မိုးရေများကို အစေးခြစ်လမ်းကြောင်းနှင့်
အစေးခံခွက်များအပေါ် ရေစိမ့်မဝင်နိုင်စေရန် အဓိကတားဆီးနိုင်ကြောင်း၊ မိုးတွင်းကာလအတွင်း
အစေးခြစ်ရက်ပိုမိုရရှိခြင်းသည် အစေးခြစ်လုပ်သားများ ဝင်ငွေရရှိအောင် ပြုလုပ်ပေးခြင်းဖြစ်ပြီး
ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုပြဿနာကိုလည်း ဖြေရှင်းနိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်သည့်
ကောင်းမွန်သောနည်းစနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ
(ပြန်/ဆက်)

No comments:
Post a Comment