နေပြည်တော် မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြင်ဦးလွင်မြို့၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာသက်ခိုင်ဝင်း၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်
တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်နှင့်
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးရမှုများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်လို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်
ပြင်ဦးလွင်မြို့သည် ခေတ်ကာလများစွာကတည်းက တည်ရှိခဲ့သည့်မြို့ဖြစ်ပြီး သမိုင်းဝင်အဆောက်အဦများစွာလည်းရှိကြောင်း၊
ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့တော်စသည်ဖြင့်
တင်စားခေါ်ဝေါ်ကြသဖြင့် အဆိုပါအင်္ဂါရပ်များနှင့် ကိုက်ညီရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သို့
ပြည်တွင်း ပြည်ပခရီးသွားများ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ
ဖြစ်ပေါ်ခဲ့ချိန်တွင် လာရောက်မှုနည်းပါးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပြည်တွင်းခရီးသွားများ
ပြန်လည်များပြားလာကြောင်း၊ အပန်းဖြေလာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့်
သာယာလှပသည့် မြို့၏အလှအပကို ခံစားလည်ပတ်နိုင်ရန်လိုကြောင်း၊ ယခင်ကပြင်ဦးလွင်မြို့သည်
အေးမြသည့်မြို့တစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့်
ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်းမှာ
လူများ၏ လုပ်ဆောင်မှုများကြောင့်လည်းပါဝင်ပြီး လူများကြောင့် ဖြစ်လာသည့် သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီးဆုံးရှုံးရမှုများကို လူများကပင် ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း။
ယခင်က အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းကြောင့်
ရေအရင်းအမြစ်များ အားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှုမရှိခြင်း၊ ဒေသတွင်းအပူချိန်နှုန်းထားမြင့်မား
လာခြင်း၊ ရေဝင်ပေါက်များမှ ရေဝင်ရောက်မှုအားနည်းခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့်
ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်းခြောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်
မိမိတို့ အနေဖြင့် ရေဝင်ပေါက်များ၊ စိမ့်စမ်းနေရာများ၊ မြေအောက်ရေနုတ်မြောင်းများကို
လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ရေလမ်းကြောင်းထိန်းသိမ်းမှုများ
ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများပြန်လည်စီးဝင်လာခဲ့ပြီး ယခုအခါ ကန်တော်ကြီး
အတွင်း ရေများလုံလောက်စွာ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းမှာ
လူများကပင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်ဒေသ ပြန်လည်စိမ်းလန်းသာယာရေးအတွက်
မိမိတို့အနေဖြင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးသွားသည့် သစ်ပင်သစ်တောများကိုလည်း ပြန်လည်စိုက်ပျိုးသွားရန်လိုပြီး
ဒေသနှင့်ကိုက်ညီသည့် သစ်ပင်သစ်တောများ ပြန်လည် စိုက်ပျိုးထိန်းသိမ်းသွားမှသာလျှင် ရာသီဥတုများကောင်းမွန်လာမည်ဖြစ်ပြီး
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ရှိ လူနေရပ်ကွက်များတွင်လည်း
ရှိသင့်ရှိထိုက်သည့် သစ်ပင်များ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးနိုင်ရေး
တိုက်တွန်းနှိုးဆော်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့သစ်ပင်များစိုက်ပျိုးခြင်းဖြင့်
သဘာဝကိုထိန်းသိမ်းနိုင်သဖြင့် ပြင်ဦးလွင်ဒေသတွင် သစ်ပင်စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မြေအသုံးချမှုနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်ရန်လို
မြေယာဥပဒေအရ စိုက်ပျိုးရန် ခွင့်ပြုထားသည့် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်
အသုံးပြုခြင်းများကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ထိန်းသိမ်းနေရန်လို
ကြောင်း၊ လယ်ယာစိုက်ပျိုးမြေများနှင့်ပတ်သက်၍ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်ဆောင်ရွက်ခြင်းမရှိစေရေး
တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များ
ရှိခဲ့ခြင်းကြောင့် သစ်ပင်သစ်တောများပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိခဲ့ခြင်းဖြစ်ကြောင်း၊
လျော့ပါးသွားသည့် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန်လိုပြီး ပြင်ဦးလွင်မြို့တွင်သာမဟုတ်ဘဲ
ဒေသတွင်းရှိ အခြားမြို့များတွင်လည်း သစ်ပင်များစိုက်ပျိုးစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊
သစ်ပင်သစ်တောများ ပြန်လည်ကောင်းမွန်လာပြီး ရာသီဥတုများကောင်းမွန်လာမည်ဆိုပါက မြစ်များ၊
ချောင်းများအတွင်း ရေများ ပုံမှန်အတိုင်းစီးဆင်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မြစ်ချောင်းများအတွင်း
ရေများ ပုံမှန်အတိုင်းဝင်ရောက်လာမည်ဆိုပါက စိုက်ပျိုးရေများ လုံလောက်စွာရရှိမည်ဖြစ်သကဲ့သို့
ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။
ကော်ဖီစိုက်ပျိုးမှုမြှင့်တင်နိုင်ရေး
ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ ကော်ဖီစီမံကိန်းသည် လွန်ခဲ့သည့်နှစ် ၂၀ ကျော်က
စတင်ခဲ့သည့်နိုင်ငံတော်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရန်အတွက် ခွင့်ပြုပေးထားသည့်
စိုက်ပျိုးမြေများ အသုံးချမှုကို စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊
ကော်ဖီများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက်လည်း တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို
ကြပ်မတ်ဆောင်ရွက်ပေးနေရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးရန် ခွင့်ပြု ထားသည့်မြေများတွင်
လူနေအိမ်များ ဆောက်လုပ်ခြင်းသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေကြောင်း၊
စီမံကိန်းနေရာများတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကော်ဖီစိုက်ပျိုးမှုလုပ်ငန်းများ
ဆောင်ရွက်ခြင်းမရှိသဖြင့် အချို့ကော်ဖီစိုက်ပျိုးခြံများကို အရေးယူဆောင်ရွက်ခဲ့ရကြောင်း၊
မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီသည် အရည် အသွေးကောင်းမွန်သည့် ကော်ဖီများဖြစ်သဖြင့်
နိုင်ငံ၏ထုတ်ကုန်တစ်ခုအဖြစ် စီးပွားဖြစ် ထုတ်လုပ်သွားနိုင်ရန်လိုပြီး အရည်အသွေးကောင်းမွန်သည့်
ကော်ဖီကုန်ကြမ်းများ အရေအတွက်များများ ထွက်ရှိစေရေး စိုက်ဧကအလိုက် အပြည့်အဝစိုက်ပျိုး၍
ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီထွက်ကုန်များကို ကုန်ကြမ်းအဖြစ်
ရောင်းချခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက စီးပွားရေးအတွက်
များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုး
ထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်မြို့၏ ပညာရေးကောင်းမွန်ရေး၊ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိပြီးဖြစ်သည့်အတွက်
ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့်
ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍
အစဉ်အလာကောင်းရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီဥတုသာယာ၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို
အထောက်အကူ ဖြစ်စေ၍ ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်
ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ရာတွင် စည်းကမ်းနှင့်အညီဖြစ်ရန် လိုကြောင်း၊ ကျောင်းသား
ကျောင်းသူများကို အောင်ချက်ကောင်းရန်သာ မဟုတ်ဘဲ ပညာတတ်မြောက်အောင် သင်ကြားပေးသည့် ကျောင်းများဖြစ်စေလိုကြောင်း။
ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးကို ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊
တစ်ဦးချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်ပြီး
ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ရုံး၊ ဌာနအလိုက် လမ်း၊ တံတား၊ အဆောက်အဦများကို
စနစ်တကျထိန်းသိမ်းခြင်းဖြင့် မြို့သာယာ လှပမှုကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မြို့တွင်းရေစီးရေလာများ
ကောင်းမွန်စေရေးအတွက်လည်း အမှိုက်များကင်းစင်အောင် ဆောင်ရွက်သကဲ့သို့ မြို့သာယာလှပရေးအတွက်
မည်ကဲ့သို့ကောင်းမွန်အောင်ဆောင်ရွက်မည်ကို Engineering Philosophy အရ ကြိုတင်စဉ်းစားတွေးခေါ်ဆောင်ရွက်ရန်လိုကြောင်း၊
မိမိအနေဖြင့် နိုင်ငံတော် တစ်ဝန်းလုံး စိမ်းလန်းစိုပြည်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့
ယခင်နှစ်များ၌ မိုးသည်းထန်စွာရွာသွန် စဉ် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ရန်ကုန်မြို့ရှိ
မြို့နယ်အချို့နှင့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့သို့ ကိုယ်တိုင်သွားရောက်၍
လိုအပ်သည့် လမ်းညွှန်မှုများဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ရေကြီးရေလျှံမှုများ လျော့နည်းလာသည်ကို
တွေ့မြင်ရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြင်ဦးလွင်မြို့ သာယာလှပရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊
သစ်ပင်များစိုက်ပျိုးရာတွင် ပြင်ဦးလွင်မြို့၏ မူလပန်းမျိုးများကို ပြန်လည်ထိန်းသိမ်း
စိုက်ပျိုးသွားရန်လိုပြီး ပန်းမြို့တော်ဟူသောအမည်နှင့် ကိုက်ညီအောင်ဆောင် ရွက်သွားရန်လိုကြောင်း၊
လူနေရပ်ကွက်များ၊ လူနေခြံများတွင်လည်း ဒေသနှင့်ကိုက်ညီသည့် ပန်းများစိုက်ပျိုးကြရေး
တိုက်တွန်းနှိုးဆော်သွားရန်လိုကြောင်း၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ တောင် လှေကားမြို့တော်ဟူသည့်
သဘာဝအရ ပေးထားသည့် နာမည်များနှင့် ကိုက်ညီအောင် မူလအခြေအနေအတိုင်း ကိုက်ညီအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ
စေလိုကြောင်း၊ပြင်ဦးလွင်တွင်နေထိုင်ကြသူများအနေဖြင့် မိမိတို့နေထိုင်သည့်မြို့ သာယာလှပရေးအတွက်
အသိဖြင့်ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း။
ပြင်ဦးလွင်မြို့တွင် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အခြေခံကောင်းများ
ရှိပြီးဖြစ်သဖြင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုများ တိုးတက်စေရေးအတွက်လည်း ကြိုးပမ်း
ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရသည့်
နို့ဆီ၊ နို့စိမ်းများစွာ လျော့ကျသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များ
ကူညီပေး မည်ဖြစ်သကဲ့သို့ မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်၍ရသည်များကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊
နို့ထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် နာမည်ပေါင်းများစွာ၊ ဂုဏ်ဒြပ်များရှိသည့်
မြို့တစ်မြို့ဖြစ်ပြီး မိမိတို့အနေဖြင့် ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက
ပြင်ဦးလွင်မြို့၏ ဂုဏ်ဒြပ်သည် ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း ပြောကြားသည်။
ပြင်ဦးလွင်ဒေသအတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်နေမှုများအား အသီးသီးရှင်းလင်းတင်ပြ
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းနောင်က ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
စီမံကိန်း ဧရိယာအတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် ကော်ဖီခြံများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိမှု၊
ကော်ဖီတိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ ပြင်ဦးလွင် ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့
ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှုနှင့် ကော်ဖီပျိုးပင်များဖြန့်ဖြူးပေးနိုင်မှုများကိုလည်းကောင်း၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက
ကော်ဖီစီမံကိန်းဧရိယာအတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် ကော်ဖီခြံများအား ဥပဒေနှင့်အညီ
ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်း
ပေးမှုအခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက
ပြင်ဦးလွင်မြို့ကို ကျန်းမာရေးမြို့တော်ဖြစ်စေရေး အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက်
မြေနေရာများ လျာထားရွေးချယ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးအောင်က ပြင်ဦးလွင်ခရိုင်ဆိုင်ရာ အချက်အလက်များနှင့် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်
ကျောင်းအပ်နှံမှုနှင့် ယခင်ပညာ သင်နှစ်တွင် ကျောင်းတက်ရောက်ခဲ့မှုအခြေအနေများ၊ ပြင်ဦးလွင်မြို့အား
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြတည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်
အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှုနှင့် ကုန်ထုတ်လမ်းဆောင်ရွက်ထားရှိမှု၊
ပြင်ဦးလွင်မြို့အတွင်း ဂဲလောင်းချောင်းတည်ရှိမှုနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊
တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်းက ပြင်ဦးလွင်မြို့ စိမ်းလန်းသာယာလှပရေးနှင့်
သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ကော်ဖီသည် စီးပွားရေးအရ တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊
ကမ္ဘာပေါ်တွင် ကော်ဖီကို အဓိကစိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသည့်
နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး
ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်၏
ပို့ကုန်တစ်ခုအနေဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးမှုများကို စည်းကမ်းနှင့်အညီ
ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆေးရုံတည်ဆောက်ရေးအတွက် မြေနေရာရွေးချယ်ရာတွင် အခြေခံလိုအပ်ချက်များဖြစ်သည့်
ရေ၊ မီးများရရှိရေး၊ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန် အလှမ်းမီသည့်နေရာ ဖြစ်စေရေးနှင့်
လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သည့်နေရာဖြစ်စေရေးတို့ကို အခြေခံ၍ ရွေးချယ်ဆောင်ရွက်သွားရန်လိုကြောင်း၊
စည်ပင်သာယာရေးတာဝန်ရှိသူများအနေဖြင့် လမ်းများ စနစ်တကျဖြစ်စေရန်နှင့် လမ်းများကောင်းမွန်အောင်
ဆောင်ရွက်ရန်လိုပြီး လမ်းအင်္ဂါရပ်များနှင့် ကိုက်ညီအောင် ဖောက်လုပ် ရန်လိုကြောင်း၊
လမ်းဘေးဝဲယာတွင် ဒေသသာယာလှပရေးနှင့် ကိုက်ညီသည့် ပန်းအလှပင်များ၊ သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊
ရေရရှိရေးနှင့် ရပ်ကွက်အလိုက် သာယာလှပရေးအတွက် လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်
ယခုကဲ့သို့ တွေ့ဆုံရခြင်းသည် ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့်
မည်ကဲ့သို့ ဆောင်ရွက်သွားရမည်ကို ဆွေးနွေးခြင်းပင်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်
မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် မြို့၏ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေးအတွက် တတ်နိုင်သည့်ဘက်မှ
ကြိုးပမ်းဆောင်ရွက်ကြရန်လိုပြီး မိမိတို့မြို့၊ မိမိတို့ဒေသအဖြစ်ခံယူ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း
မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ကို ကျန်းမာရေးမြို့တော်ဖြစ်စေရန် ရည်ရွယ်၍ ပုဂ္ဂလိက
ဆေးရုံများ တည်ဆောက်ရန် လျာထားသည့်မြေနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ
ဆေးရုံအုပ် ဒေါက်တာ သိန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဧပြီ
၁၄ ရက် ညပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်
ထိခိုက် ပျက်စီးခဲ့ရသည့် အရိုးအကြောကုသဆောင်ပြင်ဆင်ထားရှိမှုနှင့် အဆိုပါကုသဆောင်တွင်
တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း
ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်
ဆေးရုံအတွင်းလှည့်လည်၍ လူနာဆောင်များနှင့် လူနာခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို
လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စက်ပစ္စည်းကိရိယာများကို
ကောင်းမွန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

.jpg)
.jpg)
.jpg)

No comments:
Post a Comment