ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်စည်ပင်ပြန့်ပြော နှစ်သက်မြတ်နိုးအပ်သော တိုင်းပြည်အဖြစ် တင့်တယ်ဂုဏ်ယူဖွယ် ရပ်တည်နေထိုင်ခဲ့သည်။ ပုဂံကို ဗဟိုပြု၍ အနော်ရထာမင်းတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်ကြီးသည် နှစ်ပေါင်းသုံးရာနီးပါးတည်တံ့ခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုနှင့် စီးပွားရေး၊ ဆက်ဆံရေး၊ ကာကွယ်ရေးပါမကျန် အင်အားတောင့်တင်းခိုင်မာခဲ့သည်။
မြန်မာတို့၏
ရှေးဟောင်းပုဂံယဉ်ကျေးမှုကို ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သောကြောင့်
ယနေ့ထက်တိုင်အောင် မပျောက်မပျက် ဂုဏ်ယူဖွယ်ရာတည်ရှိလျက်ရှိသည်။ မြန်မာနိုင်ငံအဖို့
ပထမဆုံး နိုင်ငံတော်ကြီးတည်ထောင်ရာဟူ၍
အမျိုးသားရေးလက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသော ရှေးဟောင်းလက်ရာ
စေတီဘုရားပုထိုးများ တည်ရှိနေသောကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို
ဆွဲဆောင်ရာနေရာတစ်ခုအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့်နေရာတစ်ခုဖြစ်သဖြင့် ၂၀၁၉
ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကိုက
ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသည်
လက်ရှိအနေအထားအရ စေတီပုထိုးများ အထင်အရှားတည်ရှိနေပြီး ယင်းအမွေအနှစ်များကို
မပျက်မစီးအဓွန့်ရှည်တည်တံ့အောင် နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
ရှေးခေတ်ပုဂံပြည်တွင် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်ကြသဖြင့် ရေစီးရေလာနှင့်
ရေအရင်းအမြစ်များကို စနစ်တကျတည်ဆောက်ခဲ့သည်။ ခေတ်ကာလရှည်ကြာလာပြီး
သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကြောင့် ရေအရင်းအမြစ်များ
ယိုယွင်းပျက်စီးသွားခဲ့သော်လည်း ယနေ့ထက်တိုင်ကျန်ရှိနေသေးသည့် ရေစီးရေလာနှင့်
ရေအရင်းအမြစ်များကို နိုင်ငံတော်က ထိန်းသိမ်းပြုပြင်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၅ ရက်နေ့က
ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့်
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး
ရှေးဟောင်းရေကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်
“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သော
ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ အမြောက်အမြားရှိသည့်အတွက် ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့်
သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်
မိမိတို့အနေဖြင့် တာဝန်ရှိကြောင်း” ပြောကြားခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ
တည်ရှိရာဒေသနှင့် ကြားခံဒေသသည် စုစုပေါင်း ၂၃၀ ကီလိုမီတာကျယ်ဝန်းပြီး ပုဂံလွင်ပြင်နယ်နိမိတ်သည်
အရှေ့ဘက်တွင် အင်တိုင်းချောင်း၊ မြောက်ဘက်နှင့် အနောက်ဘက်တွင် ဧရာဝတီမြစ်၊
တောင်ဘက်တွင် နလဲတောချောင်းနှင့် အရှေ့တောင်ဘက်တွင် တုရင်းတောင်တန်း တို့
နယ်နိမိတ်သဖွယ်တည်ရှိပြီး ရှေးဟောင်းရေကန်များ၊ ရေတွင်းများ၊ မြစ်ချောင်းများ၊
အင်းများကို ယနေ့ထက်တိုင်တွေ့မြင်နိုင်ပြီး သုတေသနပြုလေ့လာတွေ့ရှိချက်များအရ
ရှေးဟောင်းရေတွင်းရေကန် စုစုပေါင်း ၉၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြည်တွင်း/ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏
အကြံပြုချက်များအရ ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပထမအဆင့်အနေဖြင့်
ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့်အနေဖြင့် ရှေးဟောင်းရေကန် ၄၅ ကန်တို့ကို ပြန်လည်တူးဖော်
ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း ဝမ်းမြောက်ဖွယ်သိရှိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ
ရေတွင်း၊ ရေကန်၊ အင်းအိုင်များသည် ပုဂံမြို့ပြနိုင်ငံတော်ကြီး စည်ပင်ဝပြောစဉ်အခါက
စိုက်ပျိုးရေ၊ သောက်သုံးရေတို့ကို အပြည့်အဝပေးဝေနိုင်ခဲ့သော
ရေအရင်းအမြစ်များဖြစ်သည်ကို ဤအထောက်အထားများအရ အထင်အရှားသိမြင်နိုင်ပေသည်။
အဆိုပါရေကန်အများစုတွင် ရေစစ်ကန်များပါ ပါရှိသဖြင့် ရှေးခေတ်မြန်မာများမှာ
မြင့်မားသည့် ရေအရင်းအမြစ်အတတ်ပညာများ တတ်မြောက်ကြပြီး ယနေ့ထက်တိုင်
အဆိုပါအမွေအနှစ်များကို တွေ့ရှိရသဖြင့် ဂုဏ်ယူစရာဖြစ်သည်။ ရေတွင်းရေကန်များ
တည်ဆောက်ပေးခြင်းသည် အများပြည်သူ အေးချမ်းသာယာဝပြောမှုကိုရရှိစေသည့် အကျိုးကျေးဇူးနှင့်
ကုသိုလ်ထူးများ ရရှိစေနိုင်ပါသည်။
သီးပင်၊
စားပင်၊ ပန်းပင်၊ သစ်ပင်စိုက်ပျိုးခြင်း၊ တံတားခင်းခြင်း၊ ရေအိုးစင်၊ ရေတွင်း၊
ရေကန်တည်ဆောက်ခြင်းတို့သည် ထာဝရကုသိုလ်ဖြစ်သည်ဟု တရားတော်တွင် ဖော်ပြထားသည်။ ယခုမြန်မာတို့အတွက်
ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တစုတဝေးတည်းရှိနေသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
ရှေးဟောင်းပုဂံဒေသတွင် ယနေ့ထက်တိုင်အောင် မပျောက်မပျက်တည်ရှိနေသည့်
ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် နေ့နေ့ညည
အစဉ်အမြဲရရှိနိုင်သည့် ထာဝရကုသိုလ်တစ်ခုဖြစ်သော ရှေးဟောင်းရေကန်များ
ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ကြုံတောင့်ကြုံခဲပါဝင်ကုသိုလ် ယူနိုင်ပြီဖြစ်ပါကြောင်း။
။
No comments:
Post a Comment