နေပြည်တော် မေ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် စာရေးသူ ဆောင်းချစ်၏ “ချယ်ရီလက်ဆောင် ပန်းလက်ဆောင်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် လူငယ်တစ်ဦးက သူဖြတ်သန်းခဲ့ရသော မတူကွဲပြားခြားနားသည့် အတွေ့အကြုံနှစ်မျိုးကို
ပကတိအခြေအနေအတိုင်း တင်ပြရေးဖွဲ့ထားသည်။ ပထမပိုင်းတွင် အသက် ၁၇ နှစ်အရွယ် စာရေးသူက
တောင်ကြီးမြို့ ပညာရေးကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေစဉ် ဂျပန်-အရှေ့အာရှ ကျောင်းသား
ကျောင်းသူများ ချစ်ကြည်နှီးနှောဖလှယ်ရေးအစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး
သွားရောက်ခဲ့ရာ ဂျပန်နိုင်ငံ၏ ကောင်းမွန်သော ပညာရေးစနစ်၊ တိုးတက်မြင့်မားသော လူနေမှုဘဝ၊
တစ်နိုင်ငံလုံး သန့်ရှင်းသပ်ရပ်မှုနှင့် အလှအပ၊ ဂျပန်လူမျိုးတို့၏ စိတ်နေစိတ်ထား၊ ဇွဲလုံ့လ၊
စည်းကမ်းရှိမှု၊ တိကျသေချာမှု၊ အချိန်လေးစားမှုတို့ကို အားကျအတုယူဖွယ် ရေးဖွဲ့သားသည်။
ဒုတိယပိုင်းတွင်မူ အသက် ၂၀ ကျော်အရွယ်၊ ပညာရေးကောလိပ်မှ ကျောင်းဆင်းပြီးနောက်
ပညာရေးဝန်ထမ်းအဖြစ် သူတာဝန်ကျသည့်ရွာတွင် အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှု ပေါင်းများစွာဖြင့်
ဒေသခံကလေးများကို မူလတန်းသင်ပေးခဲ့ရပုံနှင့် ကျေးလက်နေကလေးများ၏ ပညာရေး ရင်လေးဖွယ်ကိစ္စရပ်များကို
ရေးဖွဲ့တင်ပြထားသည်။
မိမိနိုင်ငံသည် နိုင်ငံတကာနှင့် အဘက်ဘက်တွင် ပခုံးချင်းယှဉ်နိုင်အောင် ကြိုးစားဖို့
နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ တိုးတက်သောနိုင်ငံများ၏ စံနမူနာများကိုယူ၍ အားကျစိတ်၊
အတုယူစိတ်ကို မွေးမြူသင့်ကြောင်း၊ နိမ့်ကျသော ကျေးလက်နေပြည်သူတို့၏ ဘဝများစွာကို စာနာ၍
သူတို့ဘဝ တိုးတက်မြင့်မားရေးအတွက် မိမိစွမ်းဆောင်နိုင်ရာ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း
ရေးသားတင်ပြထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၅၀၀ ဖြင့် အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင်
ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ ၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်
ဖုန်း ၀၆၇-၃၄၁၄၆၈၁ ၊ (၈၆)လမ်း (၂၁)လမ်းနှင့် (၂၂) လမ်းကြား မန္တလေးမြို့ ရှိ စာပေဗိမာန်
စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင်
ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန
ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment