နေပြည်တော် မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ရွှေစည်းခုံစေတီတော်မြတ်ကြီး
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊
အဖွဲ့ဝင်များသည် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်တော်မူခဲ့သည့်
ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များနှင့်
တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား
ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီး ဘက်စုံအလှူတော်ငွေများကို
ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။
ယင်းနောက်ဂေါပကအဖွဲ့ဝင်များက
ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ထားရှိမှု အခြေအနေများနှင့်
လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို
ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊
အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍
စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း ရှေးဟောင်းအမွေအနှစ်လက်ရာများကို ထိန်းသိမ်းထားရှိမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
စေတီတော်ကြီးရင်ပြင်တော်တွင်ခင်းကျင်းထားသည့် ကျောက်ပြားများ၏ အချို့နေရာများသည်
မိုးရွာသွန်းပြီးနောက် ရေတင်ကျန်မှုများဖြစ်ပေါ်နိုင်သဖြင့် လိုအပ်သည့်
ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုကြောင်း၊ စေတီတော်မြတ်ကြီးရှိ
ငါးရာ့ငါးဆယ်ဇာတ်တော်စဉ့်ကွင်းများ၊ ကျောက်သပိတ်တော်ကြီးများ၊ သုဓမ္မာဇရပ်များရှိ
မြန်မာ့ဗိသုကာပညာရပ်အမွေအနှစ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ မူလလက်ရာမပြတ်ထိန်းသိမ်းပြုပြင်မှုများ
ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို
ထိန်းသိမ်းရာတွင် စနစ်တကျနှင့်ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို
တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏
အရပ်လေးမျက်နှာရှိ ကြေးဂူတိုက် ၄ ခုအတွင်း တည်ထားပူဇော်ထားရှိသည့် ဉာဏ်တော် ၁၂
ပေရှိ ရပ်တော်မူကြေးဆင်းတုတော်များသည် ပုဂံခေတ်ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ဟန်
ပီပြင်တင့်တယ်တော်မူပြီး သာမာန်ကြေးသွန်းထားခြင်းမဟုတ်ဘဲ
အတွင်းမှဖောင်းထုတ်ပုံဖော်စေသည့် “ကြေးခတ်” လက်ရာဖြစ်သဖြင့် ရှေးဟောင်းအနုပညာလက်ရာ
ခေတ်မီထွန်းကားခဲ့ပုံကို သိမြင်စေနိုင်ကြောင်း၊ ထို့ကြောင့်
သမိုင်းတန်ဖိုးလွန်စွာကြီးမားလှသည့် ရှေးဟောင်းအနုပညာလက်ရာများအား ဘုရားဖူးလာ
ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ အလွယ်တကူဖတ်မှတ်သိရှိ၍ ကြည်ညိုသပ္ပါယ်တန်ဖိုးထားနိုင်ရေး
ရေးသားဖော်ပြထားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
ဒေါက်တာ ကျော်ဦးလွင်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၊
ကျောက်စာတော်များကို အွန်လိုင်းစာမျက်နှာများမှတဆင့် အလွယ်တကူ
လေ့လာကြည်ညိုနိုင်ရေး pagoda
digital directory website တွင် ရေးသားဖော်ပြထား
ရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ
ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအမွေအနှစ်ဖော်ထုတ်ရေးနှင့်
ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအတွက်
ချီးမြှင့်ငွေများကို ပေးအပ်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
ညွန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊
အဖွဲ့ဝင်များသည် ရွှေစည်းခုံစေတီတော်မြတ်ကြီး အာရုံခံတန်ဆောင်းအတွင်းရှိ
အမှတ်တရပစ္စည်းအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဘုရားဖူးလာဧည့်သည်များအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထီးလိုမင်းလို
ဘုရားကြီး
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် ထီးလိုမင်းလိုဘုရားကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်၍
ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ဘုရားကြီးအတွင်း၊ အပြင်တို့၌ ၁
ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို
ထိန်းသိမ်းထားရှိမှုများနှင့် ဘုရားကြီးအတွင်းပရိဝုဏ်အတွင်း သဲကျောက်ပြားလျှောက်လမ်း
ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည်
ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့်
အမွေအနှစ်များဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို
အလေးထားဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်
ထီးလိုမင်းလိုဘုရားကြီးအတွင်း တည်ထားကိုးကွယ်သည့် ရုပ်ပွားတော်မြတ်များအား
ရွှေသင်္ကန်းတော်ကပ်လှူရန် ရွှေစင်ရွှေသားများနှင့် ဘက်စုံပြုပြင်ထိန်းသိမ်းရန်အတွက်
အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြပြီး
ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။
၂၀၂၃
ခုနှစ်မေလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌
မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊
ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊
ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊
ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင် တောဘုရားတို့၌
ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ ခုတို့တွင်
ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များနှင့်အညီ
ရှေးဟောင်းလက်ရာမပြတ် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ကြောင်းနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့်
အနီးဝန်းကျင်တစ်ဝိုက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ
လျော့ကျစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment