Thursday, May 23, 2024

ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

 

နေပြည်တော် မေ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျေးရွာအတွင်းဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်လှုံ့ဆော်နေသည်ကို တွေ့ရှိရပါသည်။

အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် PNLA အဖွဲ့မှ ငြိမ်းချမ်းမှုကိုမလိုလားသူအချို့နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များက တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိသည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ရပါသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးလောင်ပျက်စီးခဲ့သည့် ကျေးရွာများမှ ဒေသခံတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုဖြစ်စဉ်မှာလည်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ထီဗွာကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သည့်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment