သဇင်
ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းအလေ့အထသည် ရေနှင့်တူပါသည်။ ရေသည်အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်ပေါင်းစပ်ခြင်းဖြင့် ရရှိလာသောဒြပ်ပေါင်း ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်အက်တမ်နှစ်ခုနှင့် အောက်ဆီဂျင်အက်တမ် တစ်ခုပေါင်းစပ်ခြင်းဖြင့် ရေဆိုသည့်မော်လီကျူး ရရှိပါသည်။ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်မှန်ကန်စွာ ပေါင်းစပ်မှသာ ရေနှင့် အရောင်၊ အနံ့၊ အရသာမရှိသော ရေ၏ဂုဏ်သတ္တိများရရှိလာပါသည်။ ရေတွင် ဟိုက်ဒရိုဂျင် သို့မဟုတ် အောက်ဆီဂျင်ပါဝင်မှု လျော့နည်းသွားပါက ရေ၏အရည်အသွေးများ လျော့နည်းကျဆင်းသွားပါသည်။ ကျောင်းသားနှင့် စာဖတ်ခြင်းဆိုသည်မှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
အခြားစာအုပ်စာပေများကို
လေ့လာဖတ်ရှုခြင်းသည် ပြင်ပဗဟုသုတရရှိခြင်း၊ အတွေးအခေါ်ကျယ်ပြန့်စေခြင်း၊ အခြားသူများ၏
အတွေ့အကြုံ များကိုရရှိစေခြင်းကြောင့် ကျွန်မတို့၏
ပညာသင်ယူမှုကို ထိရောက်စွာပံ့ပိုးပေးနိုင်သဖြင့် ကျောင်းသားနှင့် စာဖတ်ခြင်းမှာ
ဒွန်တွဲ၍နေပါသည်။ ကျွန်မတို့ကဲ့သို့ ကျောင်းသားလူငယ်များသည် အများအားဖြင့် ကျောင်းစာများဖြင့်သာ
နပန်းလုံးနေတတ်ကြသည်။ စာမေးပွဲကြီး ထူးချွန်ထက်မြက်စွာ အောင်မြင်ရေးအတွက် ကျောင်းစာများကို
သင်ယူကြသည်၊ ကျက်မှတ်ကြသည်၊ တွက်ချက်ကြသည်။ စာသင်နှစ်တစ်နှစ်လုံး
ကျောင်းစာများဖြင့် ပိနေတတ်ကြသဖြင့် ပြင်ပစာပေများကို ဖတ်ရှုလေ့လာရန် အများအားဖြင့်
အချိန်မပေးဖြစ်တတ်ကြပါ။
ကျွန်မတို့သည်
အခြားစာအုပ်စာပေများ ဖတ်ရှုခြင်းထက် ကျောင်းစာများ ကျေညက်၍ စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့်
အောင်မြင်ရေးအတွက် ကျောင်းသင်ခန်းစာများကိုသာ ဦးစားပေးလေ့ရှိကြပါသည်။ သို့ဖြစ်၍ ကျောင်းသားလူငယ်တို့အဖို့
ပြင်ပစာပေများနှင့် တဖြည်းဖြည်းဝေးလာကြပြီး စာဖတ်သည့် အလေ့အထ အားနည်းသွားတတ်ကြပါသည်။
စာသင်ရခြင်းရည်ရွယ်ချက်
ကျောင်းသား
တစ်ယောက်အတွက် ကျောင်းတက်၊ စာသင်၊ စာမေးပွဲအောင်ရုံဖြင့်
ပညာသင်ကြားရသည့်ရည်ရွယ်ချက် ပြည့်စုံလုံလောက်ပြီဟု ကျွန်မ မယူဆပါ။ ကျောင်းသား လူငယ်များသည်
တက်ရသည့် အတန်းအလိုက် သက်ဆိုင်ရာဘာသာရပ်များကို သင်ယူကြရသည်။ သင်ရိုးညွှန်းတမ်းတွင်
ပါဝင်သည့် ဘာသာရပ်များကို သင်ယူရာတွင် ဖတ်စာအုပ်များထဲမှ သင်ခန်းစာများ၊ ပုစ္ဆာများ၊
အကြောင်းအရာများကို ကျက်မှတ်သိရှိပြီး အမှတ် ကောင်းကောင်းရအောင်ဖြေဆိုနိုင်ရုံဖြင့်
စာသင်ရခြင်းရည်ရွယ်ချက် ပြည့်စုံပြီဟု ကျွန်မတို့ ယူဆထားလေ့ရှိကြပါသည်။
ကျွန်မတို့သင်ကြားရသည့်
ဘာသာရပ်တိုင်းတွင် ထိုဘာသာရပ်သင်ကြားရသည့် ရည်ရွယ်ချက်များကို ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။
ဥပမာအနေဖြင့် မြန်မာစာသင်ကြားရသည့် ရည်ရွယ်ချက်တွင် မြန်မာစာကို လက်တွေ့ဘဝ၌ ပိုမိုအကျိုးဖြစ်စေမည့်
ဘာသာရပ်စကား စွမ်းရည်လေးရပ် တိုးတက်လာစေရေးအတွက်ဟု ဆိုထားပါသည်။ ထို့အပြင် မြန်မာစာ၊
မြန်မာဘာသာစကားကို လေ့လာသင်ယူရာတွင်ဖြစ်စေ၊ လက်တွေ့အသုံးချရာတွင်ဖြစ်စေ ကြုံတွေ့ရသည့်အခက်အခဲများ၊
ပြဿနာများကိုလည်း ဖြေရှင်းတတ်စေရန်၊ စဉ်းစားတွေးခေါ် ဖန်တီးတတ်စေရန် လေ့ကျင့်သင်ယူရမည်ဟု
ဖော်ပြထားပါသည်။
အလားတူပင်
အခြားဘာသာရပ်များတွင်လည်း သက်ဆိုင်ရာဘာသာရပ်များ သင်ကြားရခြင်း၏ရည်ရွယ်ချက်များ ရှိကြပါသည်။
သက်ဆိုင်ရာဘာသာရပ်အလိုက် အခြေခံရည်ရွယ်ချက်များမှာ ဘာသာရပ်အကြောင်းအရာများ သိရှိနားလည်ရန်အပြင်
ကျွန်မတို့ဘဝအတွက် အခြေခံကျွမ်းကျင်မှုများ၊ ဗဟုသုတများ၊ စွမ်းရည်မျိုးစုံ၊ မိမိကိုယ်မိမိယုံကြည်မှု၊
ပြဿနာ ဖြေရှင်းခြင်းနှင့် ကျိုးကြောင်းဆက်စပ်စဉ်းစားနိုင်သည့် အရည်အချင်းများ၊ အဆင့်မြင့်ပညာများ
သင်ယူရန်အတွက် အခြေခံများ၊ ကိုယ်ကျင့်တရားနှင့် စည်းကမ်းလိုက်နာမှုတို့ကဲ့သို့သော ဘဝတစ်လျှောက်လိုအပ်မည့်
ကာယ၊ ဉာဏ ဘက်စုံစွမ်းရည်များ ပြုစုပျိုးထောင်ရန်မှာ ပညာသင်ယူရခြင်း၏ ရည်ရွယ်ချက်အဖြစ်
တွေ့ရပါသည်။
စာဖတ်ခြင်း
ကျောင်းသားများအတွက်
စာဖတ်ခြင်းသည် မရှိမဖြစ်လိုအပ်မှုတစ်ခု ဖြစ်ပါသည်။ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းကြောင့်
ရရှိလာသည့် အကျိုးကျေးဇူးများသည် ကျွန်မတို့၏ ပညာသင်ယူမှုကို ပိုမိုထိရောက်စေပါသည်။
တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်က တွေးခေါ်မှုမရှိဘဲ သင်ယူခြင်းသည် အချည်းအနှီးသာဖြစ်ပြီး သင်ယူခြင်းမရှိဘဲ တွေးတောခြင်းသည်
ဆိတ်သုဉ်းခြင်းပင် ဖြစ်သည်ဟု ဆိုထားပါသည်။
ပညာရေး၏
အဓိကရည်မှန်းချက်များ တွင်လည်း စဉ်းစားတွေးခေါ်နိုင်သည့် အရည်အချင်း ရရှိရေး ပါဝင်ပါသည်။
ကျောင်းသား ကျောင်းသူများ ကျယ်ပြန့်သောဗဟုသုတများရရှိရန်နှင့်
အတွေးသစ်၊ အမြင်သစ်များရရှိရေးသင်ယူရာတွင် စာဖတ်သည့် အလေ့အထပြုစုပျိုးထောင်ပေးခြင်းသည်
သင်ကြားရေးကို ထိရောက်စေသည့် နည်းလမ်းတစ်ခုဟု ကျွန်မထင်ပါသည်။ ကျောင်းသား ကျောင်းသူများ
စာဖတ်သည့်အလေ့အကျင့်ရရှိရန်အတွက် သီးခြားလေ့ကျင့်ပေးရန် မလိုပါ။ ကျောင်းသင်ခန်းစာများ
သင်ကြားရင်း ကျွဲကူးရေပါသဘောမျိုး သင်ကြားပေးနိုင်ပါသည်။ ခက်သည်မှာ စာဖတ်ခြင်းမှရရှိလာသော
အကျိုးရလဒ်များသည် စာမေးပွဲများနှင့်တိုက်ရိုက် မသက်ဆိုင်သဖြင့် အလေးမထားကြခြင်း ဖြစ်နိုင်ပါသည်။
စာဖတ်ခြင်းမှာ စာမေးပွဲများနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း
ကျွန်မတို့ ကျောင်းသား တစ်ဦးချင်း၏ အရည်အသွေး တိုးတက်ရေးအတွက်မူ အရေးကြီးပါသည်။ စာဖတ်ခြင်းကြောင့်
ရရှိလာသည့် အသိအမြင်များသည် ကျွန်မတို့၏ လေ့လာသင်ယူမှုများနှင့် စဉ်းစားတွေးခေါ်မှုပုံစံတို့ကို
ပြောင်းလဲစေနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်လည်း စာဖတ်ခြင်းသည် ဦးနှောက်ကို
အစာကျွေးခြင်းဟု ဆိုကြခြင်း ဖြစ်ပါသည်။
ကျွန်မတို့သည်
ရုပ်သွင်ပြင်များ လှပရန် အလှပစ္စည်းများအသုံးပြု၍ လိမ်းခြယ်ပြင်ဆင်တတ်ကြသည်။ ရုပ်ဝတ္ထုပစ္စည်းများပေါများရန်
ကြိုးစားကြသည်။ သို့ရာတွင် စိတ်နှင့် ဦးနှောက်ကို ပြင်ဆင်ရန်၊ တိုးတက်ရန်အတွက်မူ သတိမမူမိတတ်ကြပါ။
အမှားအမှန်၊ အကောင်းအဆိုးနှင့် ထိုးထွင်း ကြံဆတတ်သည့်
စဉ်းစားတွေးခေါ်မှုများ ရရန်ဆိုပါက စာဖတ်ဖို့ လိုပါလိမ့်မည်။ စာဖတ်ခြင်းသည်
သူတစ်ပါး၏ အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံ အဖြစ်ရယူခြင်းဟု ဆရာကြီး ဦးအောင်သင်းကပြော
ဖူးပါသည်။ ဆရာကြီးပြောကြားသကဲ့သို့ ဦးနှောက်ခါးတောင်းကျိုက်ရန်ဆိုပါက စာဖတ်ကြရန် လိုအပ်ပါသည်။
စာဖတ်ခြင်းဖြင့် အတွေ့အကြုံများ၊ ဗဟုသုတများနှင့် အသိအမြင်အသစ်များရရှိပြီး ဦးနှောက်ဉာဏ်ကို
ပို၍ကျယ်ပြန့်စေပါသည်။
“a
little knowledge is a dangerous thing” ဆိုသည့် စကားကို လူတိုင်းသိပြီး ဖြစ်ကြပါသည်။
အနည်းငယ်သော ဗဟုသုတသည် လူတစ်ယောက်အား ကိုယ့်ကိုယ်ကိုယ်
အမှန်တကယ်အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူတစ်ဦးအဖြစ် ထင်မြင်ယူဆစေနိုင်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။
နွားခြေရာခွက်အတွင်းမှ ဖားသူငယ်ကဲ့သို့ အမြင်ကျဉ်းမြောင်း၍ မရနိုင်ပါ။ ကျွန်မတို့၏
စိတ်နှင့်ဦးနှောက်တို့ကို ဖွင့်ပေးရန်လိုပါသည်။ အသိအမြင်များကို ဖွင့်ပေးနိုင်သည်မှာ
စာဖတ်ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ပညာရှာသည့်အချိန်တွင် ကျွန်မတို့၏ အကြား၊ အမြင်၊
အတွေ့အကြုံနှင့် အသိဉာဏ်များကို ပိုမိုပွင့်လင်းလာရေးမှာ ပညာသင်ကြားရသည့် ရည်ရွယ်ချက်လည်း
ဖြစ်ပါသည်။
စာဖတ်ခြင်း၏အကျိုးကျေးဇူးများ
ဆရာဗန်းမော်သိန်းဖေ
ဘာသာပြန်ထားသည့် ကမ္ဘာ့ထိပ်တန်းဘီလျံနာသူဌေး အီလွန်မတ်အကြောင်းစာအုပ်ကို ကျွန်မဖတ်ဖူးပါသည်။
အီလွန်မတ်သည် ငယ်စဉ်ကတည်းကပင် စာဖတ်ဝါသနာပါသည်ဟု ဆိုပါသည်။ “အီလွန်မတ်ရဲ့ လူငယ်ဘဝမှာ သိသာထင်ရှားတဲ့ စရိုက်တစ်ခုက
စာအလွန်ဖတ်ချင်နေတာပါ။ သူဟာ ငယ်စဉ် ကလေးဘဝကတည်းက လက်ထဲမှာ စာအုပ်တစ်အုပ်ကို အမြဲကိုင်ထားတတ်တယ်”ဟု
ဆိုပါသည်။ အီလွန်မတ်သည် ကျောင်းတက်ကတည်းကပင် တစ်ရက်လျှင် စာအုပ်နှစ်အုပ်ဖတ်သည်ဟု ဆိုပါသည်။
အီလွန်မတ်အနေဖြင့် လျှပ်စစ်ကားများ၊ နေရောင်ခြည်စွမ်းအင်နှင့်
ဒုံးပျံများအကြောင်း ယခုကဲ့သို့ စိတ်ဝင်စားရခြင်းမှာ
သူငယ်စဉ်က သိပ္ပံဝတ္ထုစာအုပ်များ အများကြီးဖတ်ခဲ့ခြင်းကြောင့်ထင်ကြောင်း
အီလွန်မတ်ကိုယ်တိုင်က ပြောခဲ့ပါသည်။ ထို့အတူ ကမ္ဘာပေါ်တွင် ထူးချွန်စွာအောင်မြင် နေသူတိုင်းသည်
စာအလွန်ဖတ်ကြသူများဖြစ်ကြပါသည်။
ဤသည်မှာ စာအုပ်စာပေများက ကျွန်မတို့၏ ဘဝများအပေါ် လွှမ်းမိုးပြောင်းလဲစေနိုင်သည့်
သာဓကပင်ဖြစ်သည်။ လက်တွေ့တွင်လည်း စာအုပ်စာပေဖတ်ခြင်းကြောင့် ကျွန်မတို့၏ဘဝကို ပြောင်းလဲနိုင်ပါသည်။ စာအုပ်များကို ဖတ်ရှုပြီးနောက်
ကျွန်မတို့သည် ကိုယ်မသိဖူးသည့် အကြောင်းအရာများ၊
အတွေးအခေါ်များ၊ စဉ်းစားစရာများ၊ ခံစားမှုများရရှိလာကြသည်။ စာအုပ်တွင်ပါဝင်သည့်အကြောင်း
အရာများအပေါ် တွေးတောစဉ်းစားမိလာကြသည်။ ထိုမှတစ်ဆင့် အသိအမြင်နှင့် အမူအကျင့်များကို
ပြောင်းလဲစေသည်ကို တွေ့ရပါသည်။
ကျွန်မတို့၏ဦးနှောက်သည် စာဖတ်ခြင်း ကြောင့် ရှင်သန်နိုးထလာကြသည်။
ထို့ကြောင့် စာအုပ်စာပေဖတ်ရှုခြင်းသည် စိတ်အတွက် အသက်ရှူခြင်းဟု ဆိုကြခြင်းဖြစ်ပါလိမ့်မည်။
ကျွန်မတို့သည် အသက်ရှင်မှုအတွက် အသက်ရှူကြရသည်။ အသက်ရှူရပ်သွားသည်နှင့် သေဆုံးသွားမည်ဖြစ်သည်။
စာမဖတ်ခြင်းသည် သေဆုံးနေသည့်စိတ်နှင့် တူပါလိမ့်မည်။ လှုပ်ရှားမှု၊ နိုးကြားမှု၊ တက်ကြွမှုတို့
ကင်းမဲ့နေမည် ဖြစ်ပါသည်။ ထို့ပြင် စာဖတ်ခြင်းသည် စိတ်၏ တံခါးပေါက်များကို ဖွင့်ပေးခြင်းဟုလည်း
ကျွန်မမှတ်သားဖူးပါသည်။ စိတ်၏တံခါးပေါက်များ ကိုဖွင့်ပေးမှသာ ပြင်ပဗဟုသုတများ၊ အတွေးအမြင်အသစ်များ၊
စွန့်ဦးတီထွင်မှုများနှင့် တိုးတက်မှုများ ကို ရရှိမည်ဖြစ်သည်။
စာဖတ်ခြင်းအလေ့အထပြုစုပျိုးထောင်
စာဖတ်ခြင်းအလေ့အထသည် ကျောင်းသားများ နှင့်မစိမ်းသော အလေ့အကျင့်တစ်ခု ဖြစ်ပါသည်။
သို့သော်လည်း စာဖတ်ဝါသနာပါခြင်းနှင့် ကျောင်းစာများ
သင်ယူလေ့လာကျက်မှတ်ရခြင်းမှာ မတူဟု ကျွန်မထင်ပါသည်။ ကျွန်မတို့သည် ကျောင်းသင် ခန်းစာများ
သင်ယူလေ့လာကျက်မှတ်ရခြင်းမှာ စာမေးပွဲအောင်မြင်ရေးအတွက်ကိုသာ အဓိက ရည်ရွယ်တတ်ကြပါသည်။
ဖြစ်တတ်သည်မှာ ကျွန်မတို့သည် အတန်းတစ်တန်းအောင်လျှင် ထိုအတန်းမှ စာများသည် ကျွန်မတို့ခေါင်းထဲတွင်
အနည်းငယ်သာ ကျန်ခဲ့တတ်ကြခြင်း ဖြစ်ပါသည်။
တစ်တန်းပြီးဆုံးလျှင်
နောက်တစ်တန်းအတွက်သာ အာရုံစိုက်လေ့ရှိပြီး ပြီးဆုံးခဲ့သည့် အတန်းမှစာများကို မလိုအပ်တော့ဟုယူဆ၍
အလေးမထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့ဆိုလျှင် စာသင်ယူရသည့် အဓိပ္ပာယ်မှာ
အဟောသိကံ ဖြစ်သွားနိုင်ပါသည်။ ထိုမျှသာမက ပြင်ပစာအုပ်စာပေများကိုလည်း ဖြစ်ဖြစ်မြောက်မြောက်
မဖတ်ဖြစ်ခဲ့ပါ။ ကျွန်မပြန်စဉ်းစားကြည့်မိပါသည်။ စာသင်နှစ်တစ်နှစ်အတွင်း၌ ကျောင်းသင်ခန်းစာများ
အထောက်အကူဖြစ်စေရန်အတွက် လည်းကောင်း၊ ပြင်ပဗဟုသုတရရန်အတွက်လည်းကောင်း သို့တည်းမဟုတ်
ဝါသနာအရလည်းကောင်း ပြင်ပစာအုပ်စာပေများ မည်မျှဖတ်ခဲ့သလဲဟူ၍ ဖြစ်ပါသည်။
တစ်လ
နှစ်အုပ်နှုန်းဖတ်လျှင် တစ်နှစ်အတွင်း စာအုပ် ၂၄ အုပ် ဖတ်နိုင်မည်ဖြစ်သည်။ ထိုမျှလောက်
ကျွန်မတို့ မဖတ်ဖြစ်ခဲ့ပါ။ ဘာကြောင့် မဖတ်ဖြစ်သလဲဆိုသည့် အကြောင်းများအထဲတွင် စာဖတ်ရန်
ဝါသနာနည်းခြင်း၊ ကျောင်းသင်ခန်းစာများအတွက် ပြင်ပစာဖတ်ရန် များစွာမလိုအပ်ခြင်း (စာစီစာကုံး၊
essay၊ letter များရေးသားရန်အတွက် ပြင်ပစာအုပ်များဖတ်ခြင်းမှလွဲ၍)၊ စာအုပ်စာစောင်များ
လက်လှမ်းတမီမရှိခြင်း စသည့်အကြောင်းတို့ကို တွေ့ရပါသည်။
တိုးတက်လိုသောသူများကမူ
ငွေကြေး၊ အချိန် နှင့် အခြေအနေများ မရှိကြသည့်တိုင် စာအုပ်စာပေများကို ကျားကုတ်ကျားခဲရှာဖွေဖတ်ရှုကြသည်ကို
တွေ့ရပါသည်။ ယနေ့ခေတ်အခြေအနေသည် ထိုမျှလောက်မခက်ခဲတော့ပါ။ စာအုပ်စာပေများကို အင်တာနက်မှတစ်ဆင့်
ရှာဖွေဖတ်ရှုနိုင်ပါသည်။ သို့သော် ကျွန်မတို့ အားစိုက်၍မဖတ်ဖြစ်ကြပါ။ ယင်းကိုကြည့်ခြင်းအားဖြင့်
စာဖတ်သည့် အလေ့အထ ဖြစ်လာရန်မှာ မိမိကိုယ်တိုင်၏ လိုချင်စိတ်အပေါ် မူတည်နေသည်ကို တွေ့ရပါသည်။
ကိုယ်တိုင်ကလိုချင်စိတ်ရှိမှသာ စာအုပ်စာပေကို တစိုက်မတ်မတ် ဖတ်ရှုလာမည်ဖြစ်ပါသည်။
အားလပ်ချိန်များတွင်
ကျောင်းစာကြည့်တိုက် သို့သွား၍ ဖတ်ရှုခြင်း၊ စာအုပ်စာပေများ မိမိဘာသာဝယ်ယူဖတ်ရှုခြင်း၊
သူငယ်ချင်းများနှင့် စာအုပ်များ လဲလှယ်ဖတ်ရှုခြင်း၊ အွန်လိုင်းတွင် စာအုပ်များ ရှာဖွေဖတ်ရှုခြင်းတို့ဖြင့်
စာပေဖတ်ရှု သည့် အလေ့အထကို ပြုစုပျိုးထောင်နိုင်ပါသည်။ ထို့ပြင် ကျောင်းသင်ခန်းစာများနှင့်ဆက်စပ်၍
ပြင်ပစာအုပ်များဖတ်ရှုခြင်း၊ ဆွေးနွေးခြင်းဖြင့်လည်း စာဖတ်ခြင်း အလေ့အထကို ပြုစုပျိုးထောင်နိုင်ပါသည်။
စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း
ကျွန်မတို့သည်
ပညာခေတ်တွင် ကြီးပြင်း လာရသူများ ဖြစ်ကြပါသည်။ ပညာသည်သာ ကျွန်မတို့အတွက် အားထားရာဖြစ်ပါသည်။
ကျွန်မတို့သည် ငယ်ရွယ်စဉ်ကပင်ပညာကို အပတ်တကုတ် သင်ယူကြမှသာ အခြားသူများနှင့် ရင်ပေါင်တန်းနိုင်မည်
ဖြစ်ပါသည်။ ယခင်က ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟု
မိဘများ၊ လူကြီးသူမများက ဆိုဆုံးမကြပါသည်။ ကျွန်မတို့ခေတ်တွင် ပညာရှာရန် ပထမအရွယ်တစ်ခုတည်းနှင့်
မလုံလောက်နိုင်တော့ပါ။ အရွယ်သုံးပါးစလုံးတွင် ပညာရှာရမည့် အခြေအနေ ဖြစ်နေပါပြီ။ ပညာရှာအိုသည်မရှိဟု
ဆိုရပါလိမ့်မည်။
ယခင်က
ပညာလေ့လာသင်ယူခြင်းသည် တစ်နှစ်တစ်တန်း ထူးချွန်စွာ အောင်မြင်ရန်အတွက်ဟုသာ ထင်မြင်မိခဲ့ပါသည်။
တစ်နှစ်တစ်တန်း ထူးချွန်ထက်မြက်စွာအောင်မြင်ရေးသည် ကျောင်းသားတစ်ဦးချင်းစီ၏ ဘဝအတွက်
အရေးပါသည်မှာ မှန်ပါသည်။ သို့သော်လည်း တဖြည်းဖြည်း အတန်းများမြင့်လာသည့်အချိန်တွင်
ကျွန်မတို့ ပညာသင်ယူကြသည်မှာ စာတတ်ရုံ တစ်ခုတည်း အတွက်သာမဟုတ်ကြောင်း နားလည်လာပါသည်။
အတန်းပြီးဆုံးရန်အပြင် ပညာ၏အရည်အသွေးများ ပြည့်ဝရန်လည်းလိုပါသည်။ အတန်းလည်း အောင်ရမည်၊
ပညာလည်း တတ်ရပါမည်။ စဉ်ဆက် မပြတ်လည်း လေ့လာသင်ယူနေရန်အတွက်လည်း အခြေခံကောင်းများ ပြုစုပျိုးထောင်ကြရပါမည်။
အချို့ဆိုလျှင်
ကျောင်းပြင်ပ၌ ပညာရှာနေကြသည်ကို တွေ့ဖူးပါသည်။ တိုးတက်လိုသောသူတို့၏စိတ်ကို အားကျမိပါသည်။
ကျွန်မတို့ကြီးပြင်းလာရသည့် ခေတ်အခြေအနေသည် အပြိုင်အဆိုင် တိုးတက်နေသည့် ခေတ်ဖြစ်ပါသည်။
တိုးတက်မှုဆိုသည်မှာလည်း ပညာကိုအခြေခံမှသာ စဉ်ဆက်မပြတ် တိုးတက်မှုရရှိနိုင်ပါသည်။ သို့ဖြစ်သည့်အတွက်
ပညာရေး၌ တိုးတက်မြင့်မားရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြပါသည်။
ထိုသို့
အပြိုင်အဆိုင်ကြိုးပမ်းနေကြချိန်တွင် ကျွန်မတို့သည် အတန်းတင်စာမေးပွဲ၌ ထူးချွန်စွာ
အောင်မြင်ရေးအတွက်သာ ကြိုးပမ်းနေရုံဖြင့် မလုံလောက်နိုင်ဟု ထင်ပါသည်။ တက္ကသိုလ်များ၌
အဆင့်မြင့်ပညာများ သင်ယူမှုပြီးဆုံးသွားသည့်တိုင် လေ့လာသင်ယူမှုများ ပြီးဆုံးသေးမည်မဟုတ်ပါ။
ဘဝတစ်လျှောက် လေ့လာသင်ယူမှုများ ဆက်လက်လုပ်ဆောင်ကြရပါဦးမည်။ စဉ်ဆက်မပြတ် လေ့လာသင်ယူရမှုကို
စာဖတ်ခြင်းဖြင့် ထိရောက်စွာ အထောက်အကူပေးနိုင်ပါသည်။ သို့ဖြစ်သည့်အတွက် ငယ်ရွယ်စဉ်ကျောင်းသားဘဝ၌ပင်
စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင်ထားခြင်းဖြင့် ကျွန်မတို့၏အနာဂတ်ကို လှပစေနိုင်မည်
ဖြစ်ပါသည်။ ။

No comments:
Post a Comment