သတင်းအဖွဲ့
သီးနှံအာမခံနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးကို သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းထားပါသည် -
မေး။ သီးနှံအာမခံ ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး
ရှင်းပြပေးပါခင်ဗျ။
ဖြေ။ မြန်မာနိုင်ငံမှာ သီးနှံအာမခံစနစ်ကို
၂၀၁၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာပါ။ စတင် ဆောင်ရွက်ခဲ့စဉ်က ရှေ့ပြေးစမ်းသပ်မှုအဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နဲ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့မှာပဲ ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ခဲ့ရာမှာ မိုးစပါးတစ်မျိုးတည်းကိုပဲ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားတဲ့
မိုးရေချိန်အညွှန်းကိန်းအောက် လျော့နည်းပါက လျော်ကြေးပေးချေတဲ့စနစ်နဲ့ ဆောင်ရွက်ခဲ့တာပါ။
အာမခံကာလအနေနဲ့လည်း ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ပထမလျော်ကြေး သတ်မှတ်ကာလ၊
စက်တင်ဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ဒုတိယလျော်ကြေးသတ်မှတ် ကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ခဲ့ရာက ရွှေဘိုမြို့မှာ ဒုတိယသတ်မှတ်ကာလ သတ်မှတ်မိုးရေချိန်အညွှန်းကိန်းအောက်
လျော့နည်းခဲ့တာကြောင့် လျော်ကြေးပေးချေခဲ့ရပြီး ပြည်မြို့မှာတော့ လျော်ကြေးပေးချေခဲ့ရခြင်း
မရှိခဲ့ပါဘူး။
မေး။ အာမခံကြေးနဲ့ လျော်ကြေးပေးချေတဲ့ပုံစံလည်း
သိချင်ပါတယ်။
ဖြေ။ နိုင်ငံတကာမှာ အာမခံကြေးကို အာမခံထားငွေရဲ့
၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်းနှုန်းအထိ ကျသင့်ပေမယ့်လည်း မြန်မာ့အာမခံလုပ်ငန်းအနေနဲ့
အာမခံထားငွေရဲ့ နှစ်ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့ ပါတယ်။ လျော်ကြေးပေးချေမှုအနေနဲ့လည်း
နိုင်ငံတကာနည်းတူ ပထမကာလမှာ အာမခံထားငွေရဲ့ ၂၀ ရာခိုင်နှုန်း၊ ဒုတိယကာလမှာ ၃၀ ရာခိုင်နှုန်း
သတ်မှတ်လျော်ကြေးပေးချေတဲ့စနစ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ရေကြီးနစ်မြုပ်ပျက်စီးမှုအကာအကွယ်
မပါဝင်ခဲ့ပါဘူး။
မေး။ ကျွန်တော်တို့ သိခဲ့ရတာ ၂၀၂၃ ဆောင်းသီးနှံမှာလည်း
အာမခံဆောင်ရွက်ခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီတုန်းက ဆောင်ရွက်ပုံလေး သိချင်ပါတယ်။
ဖြေ။ ၂၀၂၃ ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာတော့
ပဲမျိုးစုံ ၁၀ မျိုးကို သီးနှံအာမခံ ဆောင်ရွက်ခဲ့ ပြီး ရှေ့ပြေးစမ်းသပ်မှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး တို့မှာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့ရာမှာတော့
ဆောင်းသီးနှံဖြစ်တဲ့အတွက် အာမခံသဘောအရ အန္တရာယ်နည်းပါးတာကြောင့် အာမခံကြေးအနေနဲ့ တစ်ရာခိုင်နှုန်းသာ
သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ မိုးရေချိန်ထက် ကျော်လွန်ရွာသွန်းခဲ့ပါက လျော်ကြေးပေးချေတဲ့ပုံစံနဲ့
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လျော်ကြေးပေးချေမှု အကျုံးဝင်ခဲ့ခြင်းမရှိတဲ့အတွက် လျော်ကြေးပေးချေခဲ့ရခြင်းမရှိခဲ့တာ
ဖြစ်ပါတယ်။
မေး။ အခုဆောင်ရွက်မယ့် သီးနှံအာမခံပုံစံကို
ရှင်းပြပေးပါ။
ဖြေ။ ယခင် ၂၀၁၉ က ဆောင်ရွက်ခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီကို
အခြေခံပြီး ဆောင်ရွက်ခဲ့တာပါ။ ယခင်ကတော့ မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းခွဲခြားမှုမရှိဘဲ
သတ်မှတ်မိုးရေချိန်အောက် လျော့နည်းခြင်းကိုသာ အကာအကွယ်ပေးခဲ့ရာက အခုအခါမှာတော့ မြန်မာပြည်အထက်ပိုင်း
သဘာဝအရ မိုးအများကြီး မရွာတတ်တာကြောင့် မိုးခေါင်ခြင်း (သတ်မှတ်ထားသော မိုးရေချိန်အောက်လျော့နည်းခြင်း)၊
မြန်မာပြည်အောက်ပိုင်းမှာ မိုးများတတ် တဲ့သဘောရှိတဲ့အတွက် မိုးကြီးခြင်း (သတ်မှတ်ထားသော
မိုးရေချိန်ထက်ကျော်လွန်ခြင်း) ပုံစံနဲ့ ဆောင်ရွက်ခဲ့သလို ဒီနေ့အချိန်အခါမှာ ရာသီဥတုဖောက်ပြန်မှုကြောင့်
ရေကြီးနစ်မြုပ်ပျက်စီးခြင်း အကာအကွယ်ကိုလည်း ထည့်သွင်းဆောင်ရွက်ထားပါတယ်။ ရေကြီးနစ်မြုပ်ပျက်စီးခြင်းဆိုရာမှာ
မြစ်ရေကြီးခြင်း၊ ချောင်းရေကြီးခြင်း၊ တောင်ကျချောင်းရေဝင်ရောက်ခြင်း၊ ရေကျပြီးသဲဖုံးခြင်း၊
ရေဆိုးထုတ်မြောင်း ရေကြီးရေလျှံခြင်း၊ ချောင်းတာပေါင်ကျိုးပျက်ခြင်း၊ မြောင်းပေါင်များ
ကျိုးကျရေကြီးခြင်း၊ ရေတာတမံကျိုးပေါက်ပျက်စီးခြင်း၊ ဒီရေတက်တဲ့အချိန်နဲ့ တိုက်ဆိုင်တာကြောင့်
ရေကြီးနစ်မြုပ်ခြင်းစတဲ့အကြောင်းရင်းတွေကြောင့် ရေကြီးနစ်မြုပ်ပျက်စီး ခြင်းဖြစ်ပေါ်ပါက
လျော်ကြေးပေးချေသွားမှာ ဖြစ်ပါတယ်။
မေး။ ယခုဆောင်ရွက်မယ့် သီးနှံအာမခံရဲ့ အာမခံကြေးနဲ့
လျော်ကြေးပေးချေတဲ့ ပုံစံကိုလည်း သိချင်ပါတယ်။
ဖြေ။ အာမခံကြေးအနေနဲ့လည်း ယခင် ၂၀၁၉ ခုနှစ်မှာ
သတ်မှတ်ထားသလို သတ်မှတ်ထားပြီး တောင်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အာမခံထားငွေရဲ့
နှစ်ရာခိုင်နှုန်းအဖြစ် ဆောင်ရွက်ထားရှိပါတယ်။
မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ ပထမသတ်မှတ်ကာလ
(ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ် လ ၃၁ ရက်နေ့အတွင်း) သတ်မှတ်ထားတဲ့ မိုးရေချိန်အောက်လျော့နည်းရင်
အာမခံထားငွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ရင် အာမခံထားငွေရဲ့ ၂၀
ရာခိုင်နှုန်း စုစုပေါင်း အာမခံထားငွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးချေသွားမှာ
ဖြစ်ပါတယ်။
ဒါ့အပြင် ပထမသတ်မှတ်ကာလမှာ လျော်ကြေး မပေါ်ပေါက်ခဲ့ရင်လည်း
ဒုတိယသတ်မှတ်ကာလ (စက်တင်ဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း) သတ်မှတ်ထားတဲ့
မိုးရေချိန်အောက်လျော့နည်းပါက အာမခံထားငွေရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ပါက
အာမခံထားငွေရဲ့ ၃၀ ရာခိုင်နှုန်း စုစုပေါင်းအာမခံထားငွေရဲ့ ၆၀ ရာခိုင်နှုန်း လျော်ကြေးပေးချေသွားမှာ
ဖြစ်ပါတယ်။
မြန်မာပြည်အောက်ပိုင်းဒေသတွေမှာလည်း သတ်မှတ်ထားတဲ့
မိုးရေချိန်ထက် ကျော်လွန်ခဲ့ရင် အထက်ဖော်ပြပါ ရာခိုင်နှုန်းတွေအတိုင်း လျော်ကြေးပေးချေသွားမှာဖြစ်ပါတယ်။
ယခင် ၂၀၁၉ မိုးစပါးဆောင်ရွက်ခဲ့စဉ်ကထက် လျော်ကြေးနှစ်ဆတိုးပြီး အကျိုးခံစားခွင့်ရရှိစေဖို့
စီမံဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။
မေး။ လျော်ကြေးသတ်မှတ်ပုံနဲ့ပတ်သက်လို့
တောင်သူတွေ မရှင်းလင်းတာတွေ ဖြစ်နိုင် တဲ့အတွက် ရှင်းပြပေးပါဦး။
ဖြေ။ လျော်ကြေးပေးချေပုံနဲ့ပတ်သက်ပြီး အငြင်းပွားမှု၊
မကျေနပ်မှုတွေ မဖြစ်ပေါ်စေဖို့ စီမံ ထားရှိပြီးဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မိုးရေချိန်
အညွှန်းကိန်းကိုလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook စာမျက်နှာမှာ
နေ့စဉ်မိုးရွာသွန်းမှုအချက်အလက်တွေကို အလွယ်တကူကြည့်ရှုနိုင်ပြီး ရေကြီးနစ်မြုပ်ပျက်စီးမှုဖြစ်ပေါ်ရင်လည်း
တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးနှင့်
မွေးမြူရေး ကြီးကြပ်မှုကော်မတီက မှန်ကန်စွာ ဆုံးဖြတ်ပေးမှာဖြစ်လို့ အငြင်းပွားမှု၊
မရှင်းလင်းမှု ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။
မေး။ အာမခံထားငွေကို
ဘယ်လိုသတ်မှတ်တာလဲ သိပါရစေ။
ဖြေ။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က
တစ်ဧကစိုက်ပျိုးစရိတ်ထုတ်ချေးငွေ ပမာဏအတိုင်း အာမခံတန်ဖိုး သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ဒါမှသာ တောင်သူစိုက်ပျိုးသီးနှံ ရာသီဥတုဖောက်ပြန်မှုကြောင့် ချေးငွေပြန်ဆပ်ရန် အခက်အခဲပြေပျောက်စေဖို့နဲ့
ချေးငွေထုတ်ချေးတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့လည်း ချေးငွေဆုံးရှုံးမှုကို
ကာကွယ် စေနိုင်မှာဖြစ်ပါတယ်။
မေး။ ထပ်ပြီး ဖြည့်စွက်ပြောလိုတာရှိရင်
ပြောပြပေးပါဦး။
ဖြေ။ နိုင်ငံတကာမှာ သီးနှံအာမခံကို အစိုးရနဲ့
အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့မရှိဘဲ အာမခံကုမ္ပဏီတွေက မဆောင်ရွက်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့
လျော်ကြေး ပေါ်ပေါက်လာခဲ့ရင် တစ်ခွင်တစ်ပြင်ကြီး နေရာဒေသတစ်ခုလုံး လျော်ကြေးပေးရတာဖြစ်တဲ့
အတွက် လျော်ကြေးပမာဏ အလွန်ကိုကြီးမားနိုင်တာဖြစ်တဲ့အတွက်ပါ။ မြန်မာ့အာမခံလုပ်ငန်းကတော့
တည်ထောင်စဉ်ကတည်းက အမြတ်အစွန်းရရှိရေးကို ရည်ရွယ် ဆောင်ရွက်တဲ့အဖွဲ့အစည်းမဟုတ်တဲ့အတွက်
တောင်သူအကျိုးအတွက် စေတနာအရင်းခံထားကာ အရှုံး/အမြတ်ထည့်မတွက်ဘဲ ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း တောင်သူတွေ ပူးပေါင်းပါဝင်ဆောင်ရွက်မှပဲ အောင်မြင်မှာဖြစ်ပြီး
ပိုမိုပြည့်စုံတဲ့ သီးနှံအာမခံစနစ် ဆက်လက်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
။

No comments:
Post a Comment