တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် လူရည်ချွန်မောင်မယ်များ မကြာမီကာလအတွင်း နေပြည်တော်ရှိ လူရည်ချွန်စုရပ်စခန်းတွင် တွေ့ဆုံကြကာ ယင်းမှတစ်ဆင့် သက်ဆိုင်ရာအတန်းအလိုက် သတ်မှတ်ထားသည့် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်ကြ ရတော့မည်ဖြစ်သည်။ သင်္ကြန်အပြီး မြန်မာ့နှစ်သစ်ဦး နွေရာသီကာလသည် အားမာန်အပြည့်နှင့် ရွှင်လန်းတက်ကြွနေသည့် လူငယ်တို့၏ လှုပ်ရှားမှုများနှင့်အတူ နုပျိုလန်းဆန်း နေဦးမည်ဖြစ်သည်။
လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ
အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊
ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများ၌
ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက် လာစေရန်၊ ထူးချွန်ထက်မြက်သော
ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသည့်
ကောင်းမြတ်သည့်ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခြင်းဖြစ်သည်။ လူရည်ချွန်စီမံကိန်းကို
၁၉၆၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ၁၉၈၈ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိ
ဆောင်ရွက်ခဲ့ပြီး ခေတ္တရပ်နား သွားခဲ့သည်။ လူရည်ချွန်စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင်
“ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်း”အဖြစ် ပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်
“လူရည်ချွန်စီမံကိန်း” အမည်ဖြင့် ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ရာ ယခုနှစ်သည် လူရည်ချွန်စီမံကိန်း
နှစ် ၆၀ ပြည့်မြောက်သည့်နှစ်လည်း ဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည် စနစ်သစ်ပညာရေးဖြစ်သည့် KG+12 အပါအဝင် အတန်းအားလုံးပါဝင်ဆောင်ရွက်နိုင်ပြီဖြစ်ရာ
လူရည်ချွန်မောင်မယ်များကို ရွေးချယ်ရာတွင် အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သော နဝမတန်း
(Grade -9) ကျောင်းသား ကျောင်းသူများ၊ အထက်တန်းအဆင့် အတန်းများဖြစ်သော ဒသမတန်း
(Grade -10)၊ ဧကာဒသမတန်း (Grade -11)၊ ဒွါဒသမတန်း (Grade -12) တို့မှ ကျောင်းသား ကျောင်းသူ
လူရည်ချွန်မောင်မယ်စုစုပေါင်း ၅၅၄ ဦးကိုရွေးချယ် ခဲ့သည်။ လူရည်ချွန်ကျောင်းသားကျောင်းသူများကို
ရွေးချယ်ရာတွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်နှင့်ခရိုင်အဆင့် (ဗဟိုအဆင့်) ဟူ၍ အဆင့်ဆင့်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး
ရေးဖြေဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတများ ဖြေဆို ခြင်း၊
ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း၊ နှုတ်ဖြေဘာသာရပ်များ ဖြစ်သော စာရိတ္တနှင့် ပြည်သူ့နီတိ၊
မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေ့၊ အထွေထွေဗဟုသုတဖြေဆိုခြင်းတို့မှ ရမှတ်များကို စုပေါင်း၍
စုစုပေါင်းရမှတ်များအရ ရွေးချယ်ခြင်း ဖြစ်သည်ဟု သိရသည်။
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ပေးလိုက်သည့် လူရည်ချွန်မောင်မယ်များသည်
သက်ဆိုင်ရာအတန်းအလိုက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာ စသည့် လူရည်ချွန်စခန်း
အသီးသီးသို့ လေ့လာရေးခရီးစဉ်များ သွားရောက်ကြရမည်ဖြစ်သည်။ လေ့လာရေးခရီးစဉ်များ အတွင်း
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များ အချင်းချင်း ရင်းနှီးခင်မင်မှုများရရှိခြင်း၊
အဖွဲ့လိုက်စုစည်းသွားလာနေထိုင်ကာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်း များ
ရရှိခြင်း၊ ဒေသန္တရဗဟုသုတများနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို နားလည်သိမြင်လာခြင်းစသည်တို့မှတစ်ဆင့်
နိုင်ငံနှင့် လူမျိုးကို တန်ဖိုးထားချစ်ခင်မြတ်နိုးသည့်စိတ်များ ကိန်းအောင်းရှင်သန်လာစေမည်ဖြစ်သည်။
နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် မရှိမဖြစ် အရေးကြီးသည့်
အလျောက် မျိုးဆက်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးကို နိုင်ငံတော်က အလေး အနက်ထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏အနာဂတ်တွင် ယနေ့လူငယ်များက ဦးဆောင်ကြရမည်ဖြစ်ရာ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်
ဘက်စုံပြည့်စုံသည့် မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် လူရည်ချွန်စီမံကိန်းအပါအဝင်
လူငယ်ကဏ္ဍအစီအစဉ်များစွာကို နိုင်ငံတော်က အားပေးဆောင်ရွက်နေသည့်အလျောက် ဤကျောင်းသားလူငယ်များမှပင်
အနာဂတ် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment