နေပြည်တော် ဧပြီ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပေတောဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း ဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများအား
အစာ ကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှုအပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး
လုပ်ငန်းများဆိုင်ရာ နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်
ရွက်ပေးရန်၊ ဈေးကွက်ဖော်ဆောင်နိုင်စေရန်နှင့် ရှိပြီးစျေးကွက် ခိုင်မာရေးကို ဆောင်ရွက်ကြရန်
လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ပေတောကျေးရွာတွင် ဝန်ကြီးဌာန၊ C.P Co.,Ltd နှင့် ကျေးရွာနေပြည်သူများ ပူးပေါင်း၍
မွေးမြူရေး လုပ်ငန်း အခြေခံအလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားစေ
ရေးအတွက် အလုံပိတ်အအေးပေး စနစ်မွေးမြူရေးခြံသုံးခြံတွင် ဥစားကြက်ကောင်ရေ ၇၅၀၀၀ မွေးမြူထားရှိပြီး
တစ်နှစ်လျှင် ကြက်ဥ ၂၂ သန်းကျော် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကာ ခေတ်မီမွေးမြူရေးနည်းပညာများ
အသုံးပြုဆောင်ရွက်လျက်ရှိ၍ ဇီဝလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန သုတေသီများက သုတေသန ပြုဆောင်ရွက်လျက်ရှိသည့်
ဒေသ နွားမျိုးပြာစိမ်းကို အသားစားနွားမျိုးများဖြင့် မျိုးမြှင့်သားစပ် သုတေသနလုပ်ငန်း
ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သုတေသနမှတ်တမ်းများ စနစ်တကျ ထားရှိရေးနှင့်
သုတေသနရလဒ်ကောင်းများ ဖော်ထုတ်နိုင်ရေးအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သော သုတေသီများ
ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေမြို့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက
ဆောင်ရွက်လျက်ရှိသည့် ဥဖောက်စက်၊ ဥဝပ်စက်များ တပ်ဆင်ပြီးစီးမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး
နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးစီမံဆောင်ရွက်ရန်
လိုအပ်ချက်များ၊ ဥစားဘဲမွေးမြူရေး၊ ဆိတ်၊ နို့စားနွား၊ ဝက်မွေးမြူရေး၊ ဥစား ကြက်၊ အသားစားကြက်နှင့်
ဘဲမွေးမြူရေးလုပ်ငန်းများကို ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP- ဂျီအေအိပ်ပီ)နှင့်အညီ
မွေးမြူထုတ်လုပ်မှုအားကောင်းလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏
လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား
ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေး
ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊
မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံ၍ မွေးမြူရေးကဏ္ဍ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးကူညီထောက်ပံ့ပေးနေမှုနှင့် ဝန်ကြီးဌာနက
ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ၊ ဖြည့်ဆည်းပေးသွားမည့်အခြေအနေနှင့် မွေးမြူရေးအခြေခံ
အသေးစား အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအလားအလာများကို ဆွေးနွေးကြပြီး
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက်
လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြကာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်
မွေးမြူရေးတောင်သူများ၏ မေးမြန်းမှုများကို ဖြေကြားဆွေးနွေးကြသည်။
ပျဉ်းမနားခရိုင်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ
တိုးချဲ့ လုပ်ကိုင်ရန် အဆိုပြုတင်ပြထားရှိသည့် နို့စားနွား၊ အသားတိုးနွား၊ သိုး၊ ဆိတ်နှင့်
ဥစားကြက်မွေးမြူ ရေးလုပ်ငန်းများအတွက် စုစုပေါင်း ၁၅ ဒသမ ၂၅၅ ဘီလီယံကို သက်ဆိုင်ရာ
ကြီးကြပ်မှုကော်မတီ က စနစ်တကျစိစစ်၍ ယခုလအတွင်း စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment