Friday, March 29, 2024

KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၈

KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်သင်တန်းအသီးသီးတွင် သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှဥက္ကဋ္ဌများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ် များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ စစ်ဆေးပြီးဖြစ်ပါသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မည့်သူများကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် လက်ခံသင်ကြားရတော့မည်ဖြစ်ပါကြောင်း၊ KG+12 ပညာရေးစနစ်သစ်သည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော IGCSE “A” Level နှင့် ကိုက်ညီမှုရှိပါကြောင်း၊ သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများသည် အာဆီယံဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာရှိတက္ကသိုလ်များတွင် သင်ကြားနေမှုနှင့်ကိုက်ညီရန် လိုအပ်သည့်အပြင်သက်ဆိုင်ရာ နိုင်ငံတကာ “စံ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရန်လိုအပ်ပါကြောင်း၊ သတ်မှတ်မည့် သင်တန်းကာလသည် နိုင်ငံတော်၏လိုအပ်ချက်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်ကို အခြေခံပြီးမွေးထုတ်မည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အသွေးပြည့်မီစေရေးကို အဓိကထား၍ ကျောင်းသား ကျောင်းသူများနှင့် မိဘများ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကိုပါထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ အထွေထွေဆေးကုသခွင့်လိုင်စင်၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသခွင့်လိုင်စင်၊ သူနာပြုသားဖွားလိုင်စင်များကို ထုတ်ပေးလျက်ရှိသည့် သက်ဆိုင်ရာကောင်စီများမှ သတ်မှတ်မည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းအရည်အသွေး ပြည့်မီစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်းနှင့် တက်ရောက်လာကြသူများကလည်း ဘက်ပေါင်းစုံစဉ်းစားပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

တင်ပြဆွေးနွေး

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် သင်ကြားခဲ့သည့် သင်တန်းကာလများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးကသင်တန်းကာလနှင့်ပတ်သက်ပြီး အစည်းအဝေးမှ သဘောတူညီသည့်အတိုင်း သင်ရိုးညွှန်းတမ်းများကို အချိန်မီ ကြိုတင်ရေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားကာ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က အစည်းအဝေး ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Integrated Curriculum ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူးက ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားလျက်ရှိသော Outcome Based Integrated Curriculum နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် တက္ကသိုလ်ပါမောက္ခချုပ်များက သက်ဆိုင်ရာ တက္ကသိုလ်အချင်းချင်း ညှိနှိုင်းဆွေးနွေးထားသည့် သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည်မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment