Friday, March 29, 2024

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းများနှင့် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ စစ်ဆေး

 

ရန်ကုန် မတ် ၂၈

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ရှိ STI Myanmar University သို့ ရောက်ရှိကာ စာသင်ခန်းများ၊ Theatre ခန်းမ၊ Geotechnical Lab ခန်း၊ Hydraulic Lab ခန်းနှင့် စာကြည့်တိုက်ကိုကြည့်ရှု၍ ကျောင်းသားကျောင်းသူများ မြန်မာစာဖတ်ရှုနားလည်မှု စွမ်းရည်ကို စမ်းသပ်စစ်ဆေးသည်။

လျှောက်လွှာတင်သွင်းခြင်း မရှိသေး

ဆက်လက်၍ ဒုတိယဝန်ကြီးက STI Myanmar University မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ် ၈ ရက် နောက်ဆုံးထား တင်သွင်းရန် ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့က ညွှန်ကြားစာထုတ်ပြန်ခဲ့ပါကြောင်း၊ သို့ရာတွင် ကျောင်းကြီးအချို့သည်ပင် လျှောက်လွှာတင်သွင်းခြင်းမရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ကျောင်းမှတ်ပုံတင်လျှောက်လွှာကို သတ်မှတ်ရက် အမီတင်သွင်းလျှောက်ထားကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို ဥပဒေအာဏာ တည်သည့်နေ့မှစ၍ တစ်နှစ်ပြည့် မြောက်သော ၂၀၂၄ ခုနှစ် မေ ၁၂ ရက် နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်သည်ကို အသိပေးပြောကြား ပေးကြစေလိုပါကြောင်း၊ အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိက‌ကျောင်းများသည်လည်း အမြန်ဆုံးလျှောက်ထားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေတွင်မည်သူမျှ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင်သို့မဟုတ ပုဂ္ဂလိကကျောင်းကို တည်ထောင်ဖွင့်လှစ် ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း။

အလားတူမည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိသောသူကို ပုဂ္ဂလိက ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းများကို လာမည့်ဧပြီလကုန်မှစတင်၍ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီ ကောလိပ်များတွင် ဖွင့်လှစ်ရာတွင် သတ်မှတ်အရည်အချင်းအလိုက် မပျက်မကွက် တက်ရောက်ရန် လိုပါကြောင်း၊ စိစစ်ချက်နှင့် ကိုက်ညီသူများကိုသာ ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင် လက်မှတ် ထုတ်ပေးမည် ဖြစ်ပါကြောင်း၊ ဘွဲ့လက်မှတ်မှန်ကန်မှု၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်မှုများကိုလည်း သက်ဆိုင်ရာတက္ကသိုလ်များက တရားဝင်မှန်ကန်ကြောင်း အတည်ပြုမှသာ သက်ဆိုင်ရာ မှတ်ပုံတင် လက်မှတ်များကို ထုတ်ပေးနိုင်ရေးလိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံကြီးသားပီသစွာကျသင့်သော အခွန်ငွေများ ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ မြန်မာစာ ကောင်းစွာဖတ်ရှုနိုင်မှုနှင့် နားလည်မှုစွမ်းရည်ကို စက်တင်ဘာလမှ စတင်ကာကျောင်းသားရွေးချယ်၍ စစ်ဆေး သွားမည်ဖြစ်သဖြင့် မြန်မာစာတတ်မြောက်အောင် ကြိုတင်သင်ကြားလေ့ကျင့်ထားကြစေလို ပါကြောင်း မှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပုဂ္ဂလိကပညာရေးဥပဒေအရ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်း‌‌ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက် STI Myanmar University တည်ထောင်သူ ဒေါ်ခင်အေးဝင်းက သင်ကြားပို့ချ လျက်ရှိသည့် ဘာသာရပ်သင်တန်းများ၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်သင်ကြားမှု အခြေ အနေများ၊ ကျောင်း၏လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Youth International University သို့ရောက်ရှိရာ Youth Interna-tional University တည်ထောင်သူ ဒေါက်တာဇော်လင်းက Youth International University က သင်ကြားပို့ချလျက်ရှိသည့် ဘာသာ ရပ်သင်တန်းများ၊ ကျောင်း၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်၊ စာသင်ခန်းများ၊ Theatre ခန်းမ၊ အားကစားခန်းမ၊ စားသောက်ခန်းနှင့် စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကား ဦးစီးဌာနသို့ ရောက်ရှိကာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာစာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံကာ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ဘာသာဗေဒလုပ်ငန်း ဆောင်ရွက်ထားမှုများကို အသေး စိတ်ကြည့်ရှုစစ်ဆေးပြီး AI နည်းပညာနှင့် ဘာသာဗေဒ လုပ်ငန်းများ မှန်ကန်စွာချိတ်ဆက် နိုင်ရေး၊ မြန်မာစာရေးထုံးနှင့်ပတ်သက်၍ စနစ်ကျမှန်ကန်မှု ရှိစေရေး၊ မြန်မာစာပေထိန်းသိမ်းခြင်းကို စနစ်တကျဆောင်ရွက်ရေး အလေးထားလုပ်ဆောင်ရန် မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment