နေပြည်တော် မတ် ၁
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေး (၄) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကုသဆောင်ရှေ့မျက်နှာစာ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်နယ်မှူးနှင့်
တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်
ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊
ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော
ဧည့်သည်တော်များ တက်ရောက်ကြသည်။
စုပေါင်းဖွင့်လှစ်ပေး
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊
တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တပ်နယ်မှူးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က
အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေး၏ (၄) ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး
(ယာပုံ) စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို
အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်
ဧည့်သည်တော် များနှင့်အတူ လေးထပ်ကုသဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု၍ ကုသရေးလုပ်ငန်းများ
ပြောင်းရွှေ့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။
ဆေးရုံများ တိုးချဲ့ဖွင့်လှစ်
ထို့နောက် ဖွင့်ပွဲဒုတိယပိုင်းအစီအစဉ်ကို တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ဆက်လက်
ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကုသမှုအရည်အသွေးမြင့်မားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
လွှမ်းခြုံမှုတိုးတက်စေရေးအတွက် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့နှင့်အတူ
အရည် အသွေးဒီဇိုင်းကောင်းမွန်သော ဆေးရုံအဆောက်အဦသစ်များ ဖြည့်ဆည်းဆောက်လုပ်ခြင်း၊ ဆေးနှင့်
ဆေးပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း၊ ခေတ်မီဆေးရုံ သုံးစက်ကိရိယာများ ဝယ်ယူထောက်ပံ့ခြင်း၊ အထူးကုဆရာဝန်များအပါအဝင်
ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်ကို တိုးမြှင့်ခန့်ထားခြင်း၊ လေ့ကျင့်မွေးထုတ်ခြင်း၊ အခြေခံအဆောက်အအုံများ
အဆင့် မြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုသရေးလုပ်ငန်းများ
ပိုမိုကောင်းမွန်စေရေးအတွက် ပြည်သူ့ဆေးရုံများတွင် ဆေးရုံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်သကဲ့သို့
သင်ကြားရေးပိုင်းတွင်လည်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ မန္တလေးမြို့တွင်
ဗဟိုအဆင့်ဆေးရုံ ရှစ်ရုံ ဖွင့်လှစ်ကာ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ယခု ဖွင့်လှစ်သည့် အဆောက်အအုံကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများကို နွေးထွေးပျူငှာစွာဆက်ဆံ၍ ပြည်သူများ အားကိုး
ယုံကြည်ရသည့် ဆေးရုံဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြား
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး
အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို
နေရာအရောက်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။
အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေးတွင် အထွေထွေအရိုးရောဂါကုသခြင်း၊ ခါးရိုးပိုင်းဆိုင်ရာ
ခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာ အနုစိတ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး
အစားထိုးကုသ ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အရိုးရောဂါဆိုင်ရာ ပါမောက္ခ/အထူးကု
ဆရာဝန်ကြီးများနှင့် အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာနတို့မှ ရုံးဖွင့်ရက်များတွင်
နေ့စဉ်ပြင်ပလူနာ ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင်
မွေးရာပါ ခြေခွင်လူနာများအား ကြည့်ရှုကုသပေးခြင်း၊ အရိုးရောဂါအထူးပြု ပါရဂူဘွဲ့သင်တန်းသားများ၊
မဟာဘွဲ့သင်တန်းများ၊ သူနာပြု အရိုးအထူးပြု ဒီပလိုမာသင်တန်းသားများနှင့် မဟာဘွဲ့သင်တန်းသားများကိုလည်း
လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ ယခုဖွင့်လှစ်သော လေးထပ် ကုသဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီး
ဌာနအဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေး (၂)၊ အဆောက်အဦအထူးအဖွဲ့ (၆) က တာဝန်ယူ တည်ဆောက်ခဲ့ပြီး
စီမံကိန်းတန်ဖိုး ငွေကျပ် ၂၀၅၆ ဒသမ ၀၇ သန်း အသုံးပြုပြီး တည်ဆောက်ခဲ့ကာ (၃၇၂၀၀ စ/ပေ)
အကျယ်အဝန်းရှိပြီး မြေညီထပ်တွင် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဆောင်၊ ပထမထပ်တွင် ကျောရိုးခွဲစိတ်ကုသဆောင်၊
ဒုတိယထပ်တွင် အဆစ်အစားထိုးခွဲစိတ်ကုသဆောင်နှင့် တတိယထပ်တွင် အရိုးကင်ဆာခွဲစိတ်ကုသဆောင်နှင့်
အစည်းအဝေးခန်းများ ပါဝင်ဖွဲ့စည်းထား၍ လူနာများ အဆင်ပြေစေရေးအတွက် ပင်မလှေကား တစ်ခု၊
ဘေးလှေကား နှစ်ခုအပြင် ၂၁ ဦးဆံ့ ဓာတ်လှေကားတစ်ခုနှင့် ရှစ်ဦးဆံ့ ဓာတ်လှေကားတစ်ခုကိုလည်း
တပ်ဆင်ထားကြောင်း သိရသည်။
ဗိုက်ချင်းဆက်အမြွှာကလေးများ ကြည့်ရှု
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုအမျိုးသမီးဆေးရုံကြီး
- မန္တလေး မွေးကင်းစ ကလေးအထူးကြပ်မတ်ကုသဆောင်ကို လှည့်လည်ကြည့်ရှုပြီး သီးသန့်ခန်း၌
ပြုစုစောင့်ရှောက်ထားသော ဗိုက်ချင်းဆက်အမြွှာကလေးများဖြစ်ကြသည့် ကြာညိုသင်းနှင့် ကြာညိုသိမ့်တို့ကို
ကြည့်ရှု၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးခန်း၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ၊ အထူးကု
ဆရာဝန်ကြီးများနှင့်တွေ့ဆုံပြီး အဆိုပါကလေးများအား လက်ရှိကျန်းမာရေးအခြေအနေ၊ ခွဲစိတ်ကုသမှု
ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့် ဆေးရုံကြီး၏ဆေးကုသရေးလုပ်ငန်းများ တိုးတက်စေရေးအတွက်
လိုအပ်သည်များ ညှိနှိုင်းမှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ ဗိုက်ချင်းဆက်အမြွှာကလေးများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ဗဟိုအမျိုးသမီး
ဆေးရုံကြီး - မန္တလေး၌ ခွဲစိတ်မွေးဖွားခဲ့ပြီး ဝမ်းဗိုက်ချင်းဆက်ကာ ကိုယ်တွင်းရှိအသည်း၌
ဆက်စပ်မှုများရှိသည့် Omphalopagus Type အမြွှာဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး
အဆိုပါကလေးများအား သင့်လျော်သည့်အချိန်တွင် ကလေးဆေးရုံကြီး - ရန်ကုန်သို့ လွှဲပြောင်းကာ
ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ/
အတွေ့အကြုံ ရှိသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ လိုအပ်သောကုသမှုများကို
အကြံပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ထုတ်ကုန်ကျငွေ လျော့နည်းကျဆင်းရေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်း၌
ဆေးရုံအုပ်ကြီး၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက
နိုင်ငံတော် မှ ခွင့်ပြုရန်ပုံငွေကိုအသုံးပြု၍ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိရာ ပြည်သူလူထု၏
ကျန်းမာရေးအသုံး စရိတ်စိုက်ထုတ်ကုန်ကျငွေ လျော့နည်းကျဆင်းရေးအတွက် ထိရောက်စွာအသုံးပြုနိုင်ရေးကို
အလေးထားဆောင်ရွက်ပေးရန်၊ လူနာဘေးကင်းလုံခြုံရေး ဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း စနစ်တကျဆောင်
ရွက်ကြရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်း
ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment