Friday, March 29, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် (၂ဝ၂၄) ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်


မော်လမြိုင် မတ် ၂၉                                                                                      

မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်၊ အဘယ သုတာရာမစာသင်တိုက်၏ ဦးစီးပဓာနနာယက (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၄ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအတွက် အလှူငွေကျပ် သုံးဆယ့်ခြောက်သိန်းရှစ်ထောင် (၃၆၀၈၀၀၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

မွန်ပြည်နယ်၊ ၂ဝ၂၄ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲပထမနေ့ မော်လမြိုင်စာစစ်ဌာန ဓမ္မာစရိယတန်းတွင် (၃၉၉)ပါး စာရင်းသွင်းပြီး (၃၀၂)ပါး ဝင်ရောက်ဖြေဆိုပြီး (၅-၄-၂၀၂၄) ရက်နေ့ထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲကို (၃-၄-၂၀၂၄) ရက်နေ့မှ (၉-၄-၂၀၂၄) ရက်နေ့ထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment