Saturday, March 30, 2024

တာဝန်သိဝန်ဆောင်မှုဖြစ်ရန်လို

 


ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်နှင့်ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ တစ်လပြည့်မြောက်သည့်အချိန်တွင် စတင်အာဏာသက်ဝင်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာအက်ပလီ ကေးရှင်းလွှင့်တင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းတို့ လုပ်ကိုင်နေသည့်လုပ်ငန်းများမှာ အဆိုပါအမိန့်များကို လိုက်နာကြရတော့မည်ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု ရုပ်ရှင်ထုတ်လုပ်ပြသမှု လုပ်ငန်းများနှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ စနစ်တကျရှိစေရေး၊ ရသင့်ရထိုက်သည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ ငွေများရရှိစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ထုံးတမ်းကို ပျက်ပြားစေနိုင်သည့် ရုပ်ရှင်ကားထုတ်လုပ်ပြသမှုများကို တားမြစ်ပိတ်ပင်နိုင်စေရေးနှင့် ထုတ်လုပ်ပြသမည့် ရုပ်ရှင်ကားများသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို အထောက်အကူဖြစ်စေပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းတိုးတက်စေရေးကို အထောက်အကူဖြစ်စေရေးတို့အတွက် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နှစ်‌ပေါင်းရာချီ၍ သက်တမ်းရှည်လာခဲ့ပြီဖြစ်သည့် ရုပ်ရှင်ပြသမှုလုပ်ငန်းသည် ရုပ်ရှင်ရုံများတွင် ပရိသတ်အများအပြားကိုပြသသည့်စနစ်မှ စတင်ကာ အိမ်တွင်မိသားစုဝိုင်းဖွဲ့ ကြည့်ရှုကြသည့် စနစ်သို့လည်းကောင်း၊ ဟန်းဖုန်းတစ်လုံးရှိရုံဖြင့် အချိန်မရွေး၊ နေရာမရွေး၊ တစ်ယောက်ချင်းကြည့်ရှုနိုင်သည့် စနစ်သို့လည်းကောင်း ခေတ်အလျောက် ကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်သည်။ အွန်လိုင်းမှ ထုတ်လွှင့်ပြသသည့် ရုပ်ရှင်ကားတို၊ ကားရှည်တို့မှာ ကောင်းသည်လည်းရှိ၊ မကောင်းသည်လည်းရှိသည်။ ကြည့်ရှုရန်သင့်သည်ရှိသလို၊ မသင့်သည်လည်းရှိသည်။ ရုပ်ရှင်များသည် ကြည့်ရှုသူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည့် မီဒီယာများပင်ဖြစ်သည့်အလျောက် အပြစ်ကင်းဖို့လိုသည်။ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်သည် ပြည်သူလူထုအပေါ်အကျိုးမပြုလျှင်ပင် လူ့အဖွဲ့အစည်းအတွင်း တစ်စုံတစ်ရာထိခိုက်မှုမဖြစ်စေရန်လိုသည်။

လက်ရှိအွန်လိုင်းမှ ထုတ်လွှင့်ပြသနေသည့် ရုပ်ရှင်အချို့တွင်လူမျိုးရေး၊ ဘာသာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်အမျိုးသားယဉ်ကျေးမှု၊ နိုင်ငံတော်၏မူဝါဒ စသည်တို့ကို ထိခိုက်စေသော၊ မောင်နှင့်နှမ၊ သားနှင့်အမိကြည့်ရှုရန် မသင့်တော်သော၊ ရက်စက်ကြမ်းကြုတ်သော အပြောအပြများပါဝင်နေသည်။ အဆိုပါအွန်လိုင်းရုပ်ရှင်ကားများကို ကြည့်ရှုသူသောင်းဂဏန်းမှသည် သိန်းဂဏန်းအထိရှိနေသည်။ အွန်လိုင်းရုပ်ရှင်ကားများနှင့် တစ်ဆက်တည်းတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ၊ ငွေလိမ်လုပ်ငန်းကြော်ငြာများ၊ လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု ကြော်ငြာများကိုပါ ပြသလျက်ရှိရာ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အလျောက် အွန်လိုင်းရုပ်ရှင်ပြသမှုများ စနစ်တကျဖြစ်အောင် ဆောင်ရွက်ခြင်းသည် လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ခြင်းသာဖြစ်သည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှာ ကမ္ဘာ့ထိပ်တန်းရုပ်ရှင်ထုတ်လုပ်သည့်နိုင်ငံများတွင် ပါဝင်ပြီး ၎င်းတို့၏ရုပ်ရှင်ကားများမှာ နိုင်ငံအတွက်ဝင်ငွေကြီးမားစွာ ရှာဖွေပေးနိုင်ကြသည့်အပြင် ၎င်းတို့နိုင်ငံနှင့် လူမျိုးကိုလည်းကောင်း၊ ယဉ်ကျေးမှုကိုလည်းကောင်း ကမ္ဘာကသိရှိနားလည်အောင် ရုပ်ရှင်လုပ်ငန်းဖြင့် ပြုလုပ်နိုင်ကြသည်။ မြန်မာတို့ နှစ်ခြိုက်စွာအားပေးကြသည့် ကိုရီးယားရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများသည်လည်း ၎င်းတို့၏ အမှတ်တံဆိပ်များနှင့် ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများကို ကမ္ဘာကကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် စွမ်းဆောင်နိုင်ကြသည့် မီဒီယာများပင်ဖြစ်သည်။ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကိုကျင့်သုံးကြရာ၌ မိမိတို့လူ့အဖွဲ့အစည်းအပေါ် တစ်စုံတစ်ရာထိခိုက်မှုမရှိစေရန် တာဝန်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့်အညီ နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးအတွက်လည်း တာဝန်သိသော ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှု၊ ထုတ်လွှင့်ပြသမှုလုပ်ငန်းများအဖြစ် ဂုဏ်တင့်ထည်ဝါနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment