Thursday, February 29, 2024

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့ရှိ နယ်မြေခံတပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 


ဦးစွာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ၂ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် MK-12 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်နှင့် KUZAY-GN 19 အမျိုးအစား ပစ္စတို(၁)လက်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး MK-12  အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေကျပ်သိန်း(၄၀)၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေကျပ်သိန်း(၄၀)၊ KUZAY-GN 19 အမျိုးအစား ပစ္စတို(၁)လက်အတွက် ကျပ်သိန်း(၂၀)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူ ၁၂ ဦးအတွက် ၁ ဦးလျှင် ဆုကြေးငွေကျပ်သိန်း(၂၀)၊ စုစုပေါင်းကျပ်သိန်း(၃၄၀)နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများအား ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အသီးသီးလက်ခံရယူကြပြီး အလင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် အလင်းဝင်ရောက်လာသူများနှင့် တက်ရောက်လာကြသူများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး အလင်းဝင်ရောက်လာသူများအား အသိအမှတ်ပြုကဒ်ပြားများပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment