Thursday, February 29, 2024

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၈

EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲ မှုမူဝါဒ (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက နိုင်ငံတော်တွင် အခြားနိုင်ငံများနည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ EV သုံးစွဲမှုများ မြင့်တက်လာပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်‌ဆောင်ရာတွင် အထောက်အကူပြုစေပြီး ရုပ်ကြွင်းလောင်စာအပေါ် မှီခိုရမှုနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေကုန်ကျစရိတ်များနှင့် ပြည်သူများ၏ စက်သုံးဆီကုန်ကျစရိတ် တို့ကိုပါ လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ယင်းအပြင် နိုင်ငံ့မြို့ကြီးများတွင် လေထုအရည်အသွေး ညွှန်းကိန်းများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ တစ်ပါတည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း။

EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ EV Battery စွန့်ပစ်ပစ္စည်းများ ရှိလာမည်ဖြစ်ရာ နိုင်ငံ့ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရန် မျှော်မှန်းကာ ဘက်ထရီများကို စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းမှ ဖြစ်ပေါ်စေသော Environmental Footprint သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ဖြေရှင်းရန်မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန်လိုအပ်ပါကြောင်း၊ ဘက်ထရီထုတ်လုပ်ရေးအတွက် သုံးစွဲရသည့် သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိသဖြင့် အချိန်မတိုင်မီ စွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု (Preven-tion)၊ ပထမသက်တမ်းတွင် EV အတွက် အသုံးပြုပြီး ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းတွင် ပြန်ပြည့်မြဲစွမ်းအင်စနစ် များနှင့် လျှပ်စစ်ဓာတ်အားစနစ်ရှိ စွမ်းအင်သိုလှောင်စနစ်များအတွက် ပြန်လည်အသုံးပြုခြင်း (Reuse)၊ ဘက်ထရီများရှိ အဖိုးတန်ဓာတ်သတ္တုပစ္စည်းများကို ပြန်လည်ထုတ်ယူအသုံးချခြင်း (Recycling)၊ ပြန်လည်ရယူခြင်း (Recovery)၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများ လုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်း (Disposal) တို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့် လိုက်နာရမည့် အချက်များကို ရေးဆွဲရန်လိုအပ်ပါကြောင်း၊ စနစ်တကျချမှတ်ထားသော မူဝါဒတစ်ခုသည် ဘက်ထရီစွန့်ပစ်ခြင်းနှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်သို့ ဆိုးကျိုးများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများကို လျှော့ချပေးရုံသာမက ဘက်ထရီ ပြန်လည်အသုံးပြုသည့် နည်းပညာများတွင် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်တွင် Circular Econo-my Waste Management စနစ် ဖွံ့ဖြိုးလာစေရန် အထောက်အကူပြုနိုင်ပါကြောင်း၊ ယနေ့ခေတ်တွင် လျှပ်စစ်သုံးယာဉ် ဘက်ထရီနည်းပညာများသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး စွမ်းအင်သိပ်သည်းဆ ပိုမြင့်မားကာ ဆိုးကျိုးသက်ရောက်မှု လျှော့ချနိုင်၍ အားသွင်းချိန်ပိုမြန်ပြီး ခရီးအကွာအဝေး ပိုမိုသွားလာနိုင်သော ဘက်ထရီသစ်များလည်း ပေါ်ပေါက်လာပြီဖြစ်ရာ ၎င်းနည်းပညာအရွေ့တို့နှင့်အတူ အမီလိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် မွမ်းမံဖြည့်စွက်သွားရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်မီသော လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်မွေးထုတ်ရန်၊ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးတို့ကိုဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြင်ပအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြရာ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဦးဆောင်ကော်မတီသို့ ဆက်လက်တင်ပြသွားရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment