Wednesday, February 28, 2024

အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်အဖြစ် ကဏ္ဍ ၁၈ ခုကို ရွေးချယ်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဖေဖော်ဝါရီ ၂၇

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ အမျိုးသားပို့ကုန် မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၃ ခုနှစ်မှစတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ - ၂၀၁၉ (၅)နှစ်တာ ကာလအတွက် ကဏ္ဍ ၁၁ ခုကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အဖြစ် ၂၀၂၀ - ၂၀၂၅ ကာလအတွက် ကဏ္ဍ ၁၈ ခု ကို ရွေးချယ်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ပင်မလုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍ စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတို့ကလည်း အတည်ပြုပြီးဖြစ်ကြောင်း၊ မဟာဗျူဟာအကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီနှင့် အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်က ဖွဲ့စည်း ပေးပြီးဖြစ်ကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကို အခြေခံကာကာလတိုအတွင်း ရလဒ်ထွက်ပေါ်နိုင်စေမည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့် အဖွဲ့များအနေဖြင့် သက်ဆိုင်ရာဌာနချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရန်အတွက် ပိုမိုလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များအတိုင်း အဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဌာနများက လက်ရှိအကောင်အထည်ဖော်နေသည့် ဦးစားပေးလုပ်ငန်းများနှင့်ချိတ်ဆက်ပြီး ရေတိုအကျိုးရလဒ်ဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ် သွားစေလိုကြောင်း ဆွေးနွေးပြောကြား သည်။

ထို့နောက် ကော်မတီတွဲဖက်အတွင်းရေးမှူး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အမျိုးသားပို့ကုန်မဟာဗျူဟာ ဖွဲ့စည်းဆောင်ရွက်မှုနှင့် ကဏ္ဍအလိုက်အကောင် အထည်ဖော်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment