Wednesday, February 28, 2024

လူသတ်မှုတရားခံ သိန်းထက်အောင်(ခ)နက်ကြီးနှင့် ရဲစိုးထက် (ခ) ကုလားတို့ နှစ်ဦးအား ဖမ်းဆီးရမိ

မန္တလေး ဖေဖော်ဝါရီ ၂၇

ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခန့် ချမ်းမြသာစည်မြို့နယ် လေဆိပ်ဟောင်းအနောက်ဘက်တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ အမှတ် (၁၁) နယ်မြေ ရဲစခန်းမှူး ဒုရဲမှူးဇော်မင်းနိုင် ဦးစီးအဖွဲ့ဖြင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးအောင်မင်း (၅၁) နှစ် (ဘ) ဦးဘရှိန် ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးဦးစီးအဖွဲ့များ ခွဲ၍ စုံစမ်းဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Police Command Center တွင် တပ်ဆင်ထားသော CCTV မှတ်တမ်း အရဆိုင်ကယ်စီး မသင်္ကာသူ အမည်မသိအမျိုးသားနှစ်ဦး၏ ပုံသဏ္ဌာန်အားရရှိခဲ့ပြီးနောက် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား၏ပုံသဏ္ဌာန်မှာ နွားခိုးမှု၊ လုယက်မှုများဖြင့် ပြစ်ဒဏ်အကြိမ်ကြိမ်ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ချမ်းမြသာစည်မြို့နယ် ချမ်း/ တောင်ရပ်ကွက် အကွက်(၈၆၇) ကံရွာနေ သိန်းထက်အောင်(ခ)နက်ကြီး(၃၁)နှစ် (ဘ) ဦးမောင်ဌေး (ခ) ဦးဘိုမှူးနှင့် ပုံသဏ္ဌာန်တူညီနေ၍ အသွင်ယူစောင့်ဆိုင်းဖမ်းဆီးစဉ် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့် တွင် မြို့ဟောင်းဘူတာ၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ ရဲစိုးထက် (ခ)ကုလား (၂၉) နှစ် (ဘ) ဦးစိုးပိုင် ချမ်းမြသာစည်မြို့နယ်နေသူအား မြို့ဟောင်းဈေးအနီးတွင် သက်သေခံဓားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ တရားခံသိန်းထက်အောင် (ခ) နက်ကြီးနှင့် ရဲစိုးထက် (ခ) ကုလားတို့ နှစ်ဦးသည် ယခုပြစ်မှုမကျူးလွန်မီ မန္တလေးမြို့၌ လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုလေးကြိမ် ကျူးလွန် ခဲ့ပြီး ယခုပြစ်မှုကျူးလွန်ပြီးနောက် ဆိုင်ကယ်ခိုးမှုတစ်ကြိမ်နှင့် ဖုန်းလုယက်မှုတစ်ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး သက်သေခံဖုန်းများနှင့် ဆိုင်ကယ်တို့အား သိမ်းဆည်းပြီး ဥပဒေနှင့်အညီ ဆက်လက်အမှုများရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုရဲ

No comments:

Post a Comment