Thursday, February 29, 2024

သင်ခန်းစာများဖြင့် နိုင်ငံတိုးတက်ရေးရှေးရှု

 


မြန်မာနိုင်ငံသည် ရှေးကာလများစွာက နိုင်ငံတကာအလယ်တွင် ဂုဏ်ရှိန်မြင့်မားပြီး ထည်ဝါစွာရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်။ ကိုလိုနီလက်အောက်မရောက်မီအချိန်အထိ အနောက်နိုင်ငံများက တန်ဖိုးထားလေးစားခဲ့ပြီး ဒေသတွင်းနိုင်ငံများကြား၌ အောင်လံတလူလူလွှင့်ထူခဲ့သော နိုင်ငံဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်တွင် အရှေ့တောင်အာရှ၌ ထင်ပေါ်ကျော်ကြားသောနိုင်ငံဖြစ်သည်။

သို့သော် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင် အိမ်နီးချင်းနှင့်ဒေသတွင်း နိုင်ငံများက တစ်နေ့တခြားတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံသည် ခေတ်ကာလများအလိုက် တိုးတက်မှုများနှေးကွေးလာပြီး ဒေသတွင်းနိုင်ငံများအကြားတွင် တိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်လာသည်ကိုတွေ့ရမည်ဖြစ်သည်။ တိုးတက်လာသောနိုင်ငံများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ နိုင်ငံအုပ်ချုပ်သူတို့၏ စီမံခန့်ခွဲမှုကောင်းမွန်မှု၊ နိုင်ငံသူ နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုနှင့် ကြိုးစားအားထုတ်မှုတို့ အရှိန်အဟုန်ဖြင့် ကောင်းမွန်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးကာလမှစ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ ယနေ့ထက်တိုင်အောင်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး၌သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ စီမံခန့်ခွဲမှုအလွဲအမှားများ၊ ပညာတတ်အရင်းအမြစ်များ ပြုန်းတီးပျက်ပြားမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှု လျော့နည်းလာမှုများ၊ နိုင်ငံအကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်လိုမှု အားနည်းချက်များ စသည့်လိုအပ်ချက်များစွာတို့ကြောင့် နိုင်ငံသည် ရှေ့သို့မတက်လှမ်းနိုင်ဘဲ တုံ့ဆိုင်းနောက်ကျကျန်ခဲ့သည်ဟုဆိုနိုင်သည်။

“နိုင်ငံတော်အနေဖြင့် ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ခြင်းမရှိခဲ့ဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း၊ ယင်းအချက် အလက်များကိုအခြေခံ၍ သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံအကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက်နယ်နိမိတ်နှင့် အစဉ်အလာကြီးမားသည့် ခိုင်မာသောသမိုင်းကြောင်း များရှိခဲ့သည့်နိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက်သယံဇာတများ ပေါများကြွယ်ဝပြီး စိုက်နိုင်ပျိုးနိုင်၊ လုပ်နိုင်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများရှိသည်။ သို့သော် အဓိကကျသည့် လူတို့၏စိတ်ဓာတ်နှင့်ခံယူချက်၊ လုပ်ကိုင်မှုစွမ်းပကားနှင့် စည်းလုံးညီညွတ်မှု၊ နိုးကြားတက်ကြွမှု၊ မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးမှု၊ မိမိနိုင်ငံနှင့် မိမိလူမျိုး တိုးတက်ကြီးပွားလိုမှု စသည့် စိတ်ဓာတ်နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှုများ အားနည်းသောကြောင့် တိုးတက်မှုနှင့် အလှမ်းဝေးနေသည်ဟု ဆိုနိုင်သည်။

အဓိကမှာ စီမံခန့်ခွဲမှုကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုနှင့် ပညာတတ်လူသား အရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးဖြစ်သလို နိုင်ငံအတွက် ကြိုးစားအားထုတ်လိုမှု အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန်ဖြစ်သည်။ အရေးအကြီးဆုံးမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးဖြစ်ပြီး နိုင်ငံတော်အတွက် အဓိကကျသည့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်ရည်မှန်းချက်များ၊ ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံတိုးတက်ရေး၊ ဖွံ့ဖြိုးရေး၊ ကောင်းမွန်ရေးကိုရှေးရှု၍ စည်းလုံးညီညွတ်မှုဖြင့် လက်တွဲပါဝင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အယူအဆသဘောထားများ ကွဲပြားခြားနားသော်လည်း နိုင်ငံဖွံ့ဖြိုးရေး၊ လူမျိုးတိုးတက်ရေးကိုရှေးရှု၍ အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါက မိမိတို့လိုလားချက်များလည်း ပြည့်ဝလာမည်ဖြစ်သည်။ တိုင်းပြည်လည်းသာယာဝပြောပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နေထိုင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့သည် တစ်ချိန်သောကာလက လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံကြေမွပျက်စီးခဲ့ပြီး ဒေသတွင်းနိုင်ငံများ၌ နောက်ဆုံးအဆင့်ရောက်ခဲ့သော်လည်း ယခုအခါ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ရှေ့တန်းသို့ရောက်လာပြီကို မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာယူရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက အရှေ့တောင်အာရှတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း နိုင်ငံရေးအရ မညီညွတ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ စည်းလုံးညီညွတ်မှုပြိုကွဲမှုများကြောင့် နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ခြင်းမရှိတော့ဘဲ နောက်ကျကျန်နေပြီကို သင်ခန်းစာဖော်ထုတ်၍ မြန်မာနိုင်ငံ ပြန်လည်တိုးတက်လာနိုင်ရေး ညီညီညွတ်ညွတ် လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။  

No comments:

Post a Comment