Wednesday, February 28, 2024

လယ်ဝေးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးသည့်တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းနှင့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းနှင့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စုရှိ အဆင့်မြင့် လယ်ယာမြေဧက ၂၀၀ ရှင်းလင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်နှင့် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက် နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုး ရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစု များ လုံလုံလောက်လောက်ထည့် သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင်အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများကတက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် နွေစပါးစီမံကိန်းဆောင်ရွက်ထားရှိမှု၊ ဆည်ရေသိုလှောင်ထားရှိမှုနှင့် နွေစပါးနှင့်နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေမည့်အခြေအနေ၊ နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့်အခြေအနေနှင့် ဇာမဏီကုမ္ပဏီတာဝန်ခံက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုများ ဖြန့်ဖြူးမည့်အခြေအနေကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက နွေစပါးစိုက်ပျိုး မည့်တောင်သူများထံ စပါးမျိုးစေ့များနှင့် ဓာတ်မြေဩဇာများပေးအပ်ကြပြီး တက်ရောက်လာသူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၈၂၆) တောင်သူဦးတင်ငွေ၏ နွေစပါးစိုက်ခင်းနှစ်ဧကတွင် နွေစပါးနှံကောက်ထွန်းမျိုးကို ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှု၊ တောင်သူဦးမင်းမင်း၏ နွေစပါးစိုက်ခင်းတစ်ဧကတွင် နွေစပါးနှံကောက်ထွန်းမျိုးကို လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှု၊ လယ်ဝေးမြို့နယ်သော်မှော်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်သင်ကြားပို့ချနေမှု၊ သော်မှော်ကုန်းကျေးရွာလမ်း ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊ မှော်ကျွန်းသာစာကြည့်တိုက်တွင် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လေ့လာနိုင်ရန်အတွက် e Library စနစ် ဆောင်ရွက်ထားရှိမှုနှင့် လယ်ဝေးမြို့နယ် ကြို့ဇလုပ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လယ်ယာမြေ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပသည့် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment