Tuesday, January 2, 2024

သစ်တောဦးစီးဌာန စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးရမိမှုထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ဇန်နဝါရီ  ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူး အမျိုးသား/ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၂) ရက်မှ ဇန်နဝါရီ(၂) ရက်အထိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြက်ခင်းပြင်တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အမျိုးသားလွန်ဆွဲပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ သစ်တောစိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အင်ကြင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် အရေးပါသော သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများနှင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်စေရေးအတွက် တရားမဝင်သစ်ဖမ်းဆီးရေးတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ မိုးရာသီတွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း စုစုပေါင်း ၁၆,၀၇၁ ဧက ဆောင်ရွက်ခဲ့ပြီး၊ တရားမဝင်သစ်တားဆီးကာကွယ်ရေးအတွက် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းလမ်း (၈)သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စုစုပေါင်း တန် ၁၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍လည်း အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီးပွားရေးစိုက်ခင်းထူးချွန်ဆုပထမ၊ တရားမဝင်သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုပထမ၊ အမျိုးသားလွန်ဆွဲ ပထမ၊ အမျိုးသမီးလွန်ဆွဲ ပထမဆုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက စိုက်ခင်းထူးချွန်ဆု ဒုတိယ၊ တရားမဝင်သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆု ဒုတိယ၊ အမျိုးသားလွန်ဆွဲ ဒုတိယ၊ အမျိုးသမီးလွန်ဆွဲ ဒုတိယဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများက ကျန်သည့်အားကစားပြိုင်ပွဲများအလိုက် ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment