Wednesday, January 3, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

 


နေပြည်တော် ဇန်နဝါရီ ၃

ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေးနှင့် ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေး ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများမှ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင် နှင့် ဦးရန်ကျော် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဘော်လီဘောဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲဝင် အားကစားသမားများ၏ စိတ်ဆန္ဒပြင်းပြမှု၊ ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုများဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ ပြိုင်ပွဲဝင်အားကစားသမားများက မိမိတို့ဝန်ကြီးဌာနအတွက် အနိုင်ရယူလိုစိတ် ပြင်းထန်စွာဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဇင်မင်းထက်၊ ဦးမျိုးလှိုင် နှင့် ဗိုလ်ချုပ်အောင်လင်းထွန်းတို့က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးခုခံဆယ်မဆု၊ အကောင်းဆုံးအမျိုးသမီး ဘော်လီဘောအားကစားသမားဆု ရရှိကြသူများကိုလည်းကောင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးခုခံဆယ်မဆုနှင့် အကောင်းဆုံးအမျိုးသား ဘော်လီဘောအားကစားသမားဆု ရရှိကြသူများကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်း တို့ကို ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ကို တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် နှင့် ခွန်စံလွင် တို့က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့ကို တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီး မြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ က အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း(၅) သင်း၊ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် (၁၅)သင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် (၁၆)သင်း၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင်(၆)သင်း၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်(၂၅)သင်း၊ အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် (၁၈)သင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲတွင် (၂၃)သင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် (၂၄)သင်းနှင့် အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် (၁၉) သင်းဝင်ရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment