Monday, January 1, 2024

ဒုတိယဝန်ကြီး ဦးရဲတင့် ရန်ကုန်တိုင်း​ဒေသကြီးအတွင်း ပြန်ကြား​ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဒီဇင်ဘာ ၃၁

ပြန်ကြား​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒလ၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်များနှင့် တံတားမြို့တို့မှ ဦးစီးမှူးများကိုတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်ရုံး ကော့မှူးမြို့နယ်ရုံးတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် တွံတေးမြို့နယ်ရုံး၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) နှင့် လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ရုံးတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်မှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြန်ကြားရေးနှင့်အသိပညာပေးလုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်ရေး၊ ရုံးများအား သန့်ရှင်းသပ်ရပ်ပြီး စာကြည့်တိုက်သို့ လူငယ်များနှင့် ပြည်သူများ လာရောက်၍ စာဖတ်၊ စာငှားမှု တိုးတက်အောင်ဆောင်ရွက်ရေး၊ ခေါင်းဆောင်မှု၊ တာဝန်ယူမှု၊တာဝန်ခံမှုတို့ဖြင့် လုပ်ဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ စိတ်ကောင်းစေတနာကောင်းထားလျက် ဝန်ထမ်းကောင်းပီသအောင် ကျင့်ကြံလုပ်ဆောင်ရေး၊ မိမိတို့ကိုယ်တိုင်က စာအုပ်စာ​စောင်များကို အမြဲတစေ လေ့လာဖတ်ရှုပြီး အရည်အချင်းပြည့်ဝသည့် ပြည်သူ့ဆက်ဆံရေးမှူးကောင်းများဖြစ်အောင် ကြိုးစားရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအား ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment