Monday, January 1, 2024

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပ

 


ရန်ကုန် ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants – MICPA) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ရန်ကုန်မြို့ရှိ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။

 မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းသည် စာရင်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်ဆောင်ရွက်ပေးလျက်ရှိသည့် အသင်းအဖွဲ့တစ်ရပ်ဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် အသင်းသားများ၏ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် ကျင့်ဝတ်သိက္ခာစောင့်ထိန်း လိုက်နာပြီး နိုင်ငံတကာစာရင်းစံများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုအစီအစဉ် (Continuous Professional Development – CPD Programme) များကို ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု များအနေဖြင့် ASEAN Federation of Accountants (AFA) နှင့် International Federation of Accountants (IFAC)တို့မှ ကျင်းပသည့် အစည်းအဝေးများသို့ ပါဝင် တက်ရောက်နိုင်ခဲ့ပြီး IFAC ၏ Associated Member အဖြစ်မှ Full Member အဖြစ်သို့ တက်လှမ်းနိုင်ရေးနှင့် Institute of Chartered Accountants of India (ICAI) နှင့် MICPA အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသဖြင့် ကျေနပ်အားရမိပါကြောင်း၊ ထို့အပြင် စာရင်းစစ်၊ စာရင်းကိုင်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် Profe-ssional Accountancy Organi-zation (PAO) အဖြစ် MICPA ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကိုများစွာ နှစ်ထောင်းအားရဖြစ်မိပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြစေလိုပါကြောင်း။

ရှေ့ကာလများတွင်လည်း မြန်မာနိုင်ငံစာရင်းကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသင်း၏လုပ်ငန်းတာဝန်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး Professionalစိတ်ဓာတ်ပြည့်ဝစွာဖြင့် ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်က အမှာစကားပြောကြားပြီး ဘုတ်အဖွဲ့၏ ၂၀၂၂- ၂၀၂၃ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားတင်ပြအတည်ပြုခြင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်ခြင်း၊ အသင်း၏ အလှည့်ကျဘုတ်အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိဦးသိန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ဝင် ၂၅ ဦး နှင့် အသင်းဝင် ၉၀ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment