Wednesday, January 3, 2024

မူပိုင်ခွင့်အကာအကွယ်ဖြင့် တိုးတက်မှုရှေးရှု

 


နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားတိုးတက်ရေးတွင် Intellectual Property ဟုခေါ်ဆိုသည့် ဉာဏပစ္စည်းပိုင်ဆိုင်မှုသည် အရေးအကြီးဆုံးဖြစ်သည်။ စက်မှုပစ္စည်းပိုင်းဆိုင်ရာ တီထွင်မှုများ၊ အမှတ်တံဆိပ်၊ ဒီဇိုင်းများနှင့် စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ပန်းချီ အနုပညာရပ်ဆိုင်ရာပစ္စည်းများစသည့် ကနဦးစတင်စွန့်ဦးတီထွင်ဖန်တီးထားသည့် ဉာဏပိုင်းဆိုင်ရာပစ္စည်းများကို ဆိုလိုသည်။

ကုလသမဂ္ဂလက်အောက်ခံ The World Intellectual Property Organization (WIPO) အဖွဲ့အစည်းကြီး၏ သဘောထားဆောင်ပုဒ်တွင် “လူသားတို့ ဉာဏ်ရည်အစွမ်းအစသည် အနုပညာလုပ်ငန်းအားလုံးနှင့် တီထွင်မှုအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ဤလုပ်ငန်းများသည် လူဖြစ်ရကျိုးနပ်စေသော ဘဝအတွက်အာမခံချကဖြစ်သည်။  အနုပညာလက်ရာများနှင့် တီထွင်မှုများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဝါယမစိုက်ထုတ်၍ အာမခံချက်ပေးရန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်သည်” ဟူ၍ ဖော်ပြထားသည်။

အဓိကအကျဆုံးသော မူပိုင်ခွင့်အဖွဲ့အစည်းကြီးဖြစ်သည့် (WIPO) အဖွဲ့ကြီးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဌာနချုပ်ဖွဲ့စည်းထားပြီး ကမ္ဘာတစ်ဝန်းလုံးရှိ “ဉာဏပစ္စည်း” ကာကွယ်စောင့်ရှောက်ရေးကို နိုင်ငံအချင်းချင်း ကာကွယ်စောင့်ရှောက်ခြင်းဖြင့် မြှင့်တင်ရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားရာ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ နိုင်ငံပေါင်း ၁၆၁ နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံအနေဖြင့် (WIPO) အဖွဲ့ဝင်နိုင်ငံတွင်ပါဝင်ပြီး တီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization– WTO) နှင့် The World Intellectual Property Organization (WIPO) အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်လာပြီးနောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်သစ်တစ်ရပ်တည်ထောင်ရန် လိုအပ်လာသဖြင့် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေလေးရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေလေးရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများ တရားဝင်လက်ခံဆောင်ရွက်ခြင်းများကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နေ့တွင် အာဏာတည်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များ လက်ခံနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ မူပိုင်ခွင့်သမိုင်းတွင် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်သစ်တစ်ရပ်ကို စတင်ဖော်ဆောင်နိုင်သော နှစ်တစ်နှစ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယခုကဲ့သို့ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းအားဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ထွန်းလာစေရန် အထောက်အကူဖြစ်လာပြီဖြစ်၍ တီထွင်ဆန်းသစ်မှုများကို ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်ကြပြီဖြစ်သည်။

နိုင်ငံ့စီးပွားတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်သည်ကို ယုံကြည်ပြီး မူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မူပိုင်ခွင့်ဥပဒေများ ကျင့်သုံးဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်း ရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုအဆင့် မြင့်မားတိုးတက်ခိုင်မာလာစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာတို့နှင့် အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ခြင်းမရှိသေးသဖြင့် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန်အတွက် ဒေသဆိုင်ရာ မူပိုင်ခွင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ဦးဆောင်နိုင်ငံဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်အာမခံချက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မူပိုင်ခွင့်အာမခံချက်ရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားတိုးတက်ရေးကို အထောက်အကူပြုသည့်အပြင် စွန့်ဦးတီထွင်နိုင်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသဖြင့် မူပိုင်ခွင့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရေးကို အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment