Monday, January 1, 2024

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဓာတုဆေးဝါးများမသုံးစွဲဘဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ပေးရန်ကြိုးပမ်း

နေပြည်တော် ဒီဇင်ဘာ ၃၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI)ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နည်းပညာပေး သင်တန်းများ ဆောင်ရွက်ထားရှိမှု၊ ဟင်းသီးဟင်းရွက် လေလွင့်ဆုံးရှုံးမှုများ စစ်တမ်းကောက်ယူခြင်းနှင့် ရေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အလေးထားဆောင်ရွက်

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများ တိုးတက်လာစေရေးနှင့် သုတေသန ရလဒ်ဖြန့်ဝေရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာခြင်းဖြင့် လယ်ယာထွက်ကုန်များ၏ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေပြီး ကြာရှည်အထားခံနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက် လာပြီး လူနေမှုဘဝ မြင့်မားလာစေရန် ကြိုးပမ်းပေးကြစေလိုကြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ဓာတုဆေးဝါးများ မသုံးစွဲဘဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ကြရန်၊ ဟင်းသီးဟင်းရွက်ရောင်းချသူ အစုအဖွဲ့များအား ဓာတုဆေးများမသုံးဘဲ တာရှည်ထားနိုင်သည့် နည်းပညာများ ရှင်းပြအသိပညာပေးခြင်းကိုလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ လက်တွေ့ကျပြီး ပိုမိုထိရောက်အကျိုးရှိမည့် နည်းပညာများ ဖော်ထုတ်ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီးနှံများ ဆွတ်ခူးရိတ်သိမ်းပြီးချိန် နောက်ပိုင်းကာလ လုပ်ငန်းစဉ်များ၏ ရိတ်သိမ်းချိန်လွန်စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊ အရည်အသွေးတိုင်းတာခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ စမ်းသပ်ခြင်းနှင့် အစားအစာဘေးကင်းလုံခြုံမှု သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment