Monday, January 1, 2024

၂၀၂၄ နှစ်သစ်ကူးည ရန်ကုန်မြို့၌ စည်ကားများပြားစွာ ကြိုဆို

ရန်ကုန် ဒီဇင်ဘာ ၃၁

ခရစ်နှစ် ၂၀၂၃ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကြိုဆိုခြင်းကို ယနေ့ညပိုင်းက ရန်ကုန်မြို့တွင် အများပြည်သူ အေးချမ်းပျော်ရွှင်စည်ကားများပြားစွာ ကြိုဆိုခဲ့ကြသည်။

နှစ်ဟောင်းကုန်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နှစ်သစ်အခါသမယသို့ဝင်ရောက်မည့် နှစ်ကူးညချမ်းတွင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာအေးစေတီ၊ ပြည်သူ့ရင်ပြင်ဥယျာဉ်၊ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမ၊ ကန်တော်ကြီးဥယျာဉ်၊ အင်းလျားကန်စောင်း၊ အများပြည်သူအပန်းဖြေရာနေရာများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ် /မိုတယ်များနှင့် ရန်ကုန်မြို့ပြ၏ လူစည်ကားရာနေရာတို့၌ နှစ်ကူးအကြို ရောင်စုံမီးဆိုင်းများဖြင့်လှပလျက်ရှိရာ အများပြည်သူ စိတ်ရွှင်လန်းလျက် ပျော်ရွှင်စွာ နှစ်သစ်ကိုကြိုဆိုခဲ့ကြသည်။

ညနေပိုင်းမှစ၍ အများပြည်သူ စည်ကားလျက်ရှိသည့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရွှေတိဂုံစေတီတော်မြတ်တွင် ကုသိုလ်ယူ၍ လာရောက်ကြသည့် ပြည်သူများ၊ ရင်ပြင်တွင် လာရောက်အပန်းဖြေသူများ၊ နှစ်သစ်ကိုကြိုဆိုကြသည့်ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ရန်ကုန်မြို့နေပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ်များ တိုးပွားစေရန်၊ အပန်းပြေစေရန်နှင့် မင်္ဂလာရှိသောနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံဆောင်ရွက်မှုဖြင့် နိုင်ငံတကာနှစ်သစ်ကို ကြိုဆိုသည့်ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) ဖြင့် ညနေ ၆ နာရီတွင် စင်တင်တေးဂီတ၏ တီးခတ်မှုနှင့်အတူ ပြည်သူချစ်သော အဆိုတော်များက ဖျော်ဖြေခဲ့ရာ ပရိသတ်များ တစ်ခဲနက်ကြည့်ရှုအားပေးသည်။

ညသန်းခေါင် နှစ်သစ်ကူးပြောင်းချိန်ဖြစ်သည့် ၂၀၂၃ ခုနှစ် ည ၁၂ နာရီတွင် နှစ်သစ်ကူး ပြောင်းချိန်အား Music Show ကကြေညာ၍ Countdown ပြုလုပ်ပေးပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ရာ ၂၀၂၄ ခုနှစ်ကို ကြိုဆိုကြသည့်ပြည်သူများ တစ်ခဲနက် Happy New Year ကြိုဆိုနှုတ်ဆက်သောအသံသည် ဒီဇင်ဘာဆောင်းကို ပွေ့ဖက်ထားသည့် ပြည်သူ့ရင်ပြင်ဥယျာဉ်အတွင်း ဖုံးလွှမ်းခဲ့သည်။ ပြည်သူ့ရင်ပြင်ဥယျာဉ်အတွင်း လာရောက်ကြသည့် ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်အချို့က ထောပတ်ကြက်သားဟင်းနှင့် ကြက်ဆီထမင်းတို့ကို မပြတ်ကျွေးမွေးခဲ့ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment