Tuesday, January 2, 2024

ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က ဘုတ်ဆုံမငရုတ်သီးမှုန့်လုပ်ငန်း

 


ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဘုတ်ဆုံမငရုတ်သီးမှုန့်လုပ်ငန်း(ရုံးချုပ်)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနိုင်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-

 


မေး။ ။ ဘုတ်ဆုံမငရုတ်သီးမှုန့်လုပ်ငန်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကို သိပါရစေ။

ဖြေ။ ။ကျွန်တော်တို့လုပ်ငန်းကို ၂၀၀၇ ခုနှစ်က စတင်လုပ်ဖြစ်ခဲ့ပြီး (၁၆)နှစ်သက်တမ်း ရှိပါတယ်။

မေး။ ။ လုပ်ငန်းအတွက် လိုအပ်တဲ့ကုန်ကြမ်းတွေကို ဘယ်ဒေသတွေက ရပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ထုတ်လုပ်တဲ့ကုန်ကြမ်းအများစုကတော့ အဓိကအားဖြင့် မြိတ် ဒေသကကုန်ကြမ်းတွေ ဝယ်ယူတာဖြစ်ပြီး ဘုရင့်နောင်ပွဲရုံကတစ်ဆင့် အရည်အသွေးကောင်းမွန်ကြောင်း စစ်ဆေးတဲ့ပုံစံအတိုင်း ကုန်ကြမ်းတွေဝယ်ယူတာဖြစ်ပါတယ်။ ငရုတ်သီး၊ နနွင်းမှုန့်၊ မဆလာကော FDA ထောက်ခံချက်ရရှိထားပြီး ဖြစ်ပါတယ်။

မေး။ ။ အမျိုးအစား ဘယ်နှမျိုး ထုတ်လုပ်ပါသလဲ။

ဖြေ။ ။ ရွှေဘုတ်ဆုံ ငါးပိထောင်းကို အမျိုးအစားသုံးမျိုး ထုတ်လုပ်ပါတယ်။ ၁၀၀ ဂရမ်၊ ၁၁၂ ဂရမ်၊ ၁၃၂ ဂရမ်ထုတ်လုပ်ပြီးတော့ ရွှေဘုတ်ဆုံ ငါးပိထောင်း၊ ငံပြာရည်၊ ငရုတ်သီးအလှော်တို့ကို လုပ်ကိုင်တာဖြစ်ပါတယ်။

မေး။ ။ ဒီထုတ်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ဆောင်ဖြန့်ဖြူးနေပါသလဲ။

ဖြေ။ ။ ထုပ်ပိုးပြီး ငါးပိထောင်းတွေကို လှိုင်သာယာ(ရုံးချုပ်)ကတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ချိတာဖြစ်ပါတယ်။

မေး။ ။ အလုပ်သမားဦးရေနဲ့ ဘယ်ဒေသတွေကနေ လာရောက်လုပ်ကိုင်ပါသလဲ။

ဖြေ။ ။ ငါးပိထောင်၊ ငံပြာရည်လုပ်ကိုင်သူ ဝန်ထမ်း ၁၃ ဦး ရှိပြီး ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းနဲ့ မော်ကျွန်းမြို့နယ်တို့က လာရောက်လုပ်ကိုင်တာဖြစ်ပါတယ်။

မေး။ ။ ဝန်ထမ်းတွေ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ တစ်ဦးချင်း ကျန်းမာရေးမကောင်းရင် ကုမ္ပဏီအနေနဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေးအကျိုးခံစားခွင့်ရှိတဲ့ ခွင့်အမျိုးအစားနဲ့ပတ်သက်ပြီး ခွင့်ပြုပေးထားပါတယ်။ အလုပ်သမားတွေကို အလုပ်သမား ဥပဒေအတိုင်းဆောင်ရွက်ပေးပါတယ်။

မေး။ ။ ဖြန့်ချိတဲ့ အပိုင်းလေးကိုလည်း ပြောကြားပေးပါဦး။

ဖြေ။ ။ ရုံးချုပ်ကို လှိုင်သာယာ စက်မှုဇုန်(၄)မှာ ဖွင့်လှစ်ထားရှိပြီး နေပြည်တော်ရုံးခွဲ၊ ပုသိမ်ရုံးခွဲ၊ ပြည်ရုံးခွဲ၊ မန္တလေးရုံးခွဲဆိုပြီးတော့ လေးရုံးဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မှာဆိုရင် ညောင်ပင်လေးစျေး ဘုရင့်နောင်ပွဲရုံကတစ်ဆင့် ဖြန့်ချိကာနယ်တွေကိုလည်း ဆိုင်အရောက်ပို့ပေးတယ်။ စားသုံးသူတွေကိုလည်း အိမ်အရောက်ပို့ပေးတာတွေ ဆောင်ရွက်ပေးပါတယ်။

မေး။ ။ ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုလည်း သိပါရစေ။

ဖြေ။ ။ ဟုတ်ကဲ့။ ဈေးနှုန်းတွေအနေနဲ့ကတော့ ထုတ်ကုန်အရွယ်အစားအလိုက် အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ထုတ်ကုန်အားလုံးဟာ စားသောက်ကုန်ဖြစ်တဲ့အတွက် စံချိန်စံညွှန်း ကောင်းမွန်အောင် အထူးထုတ်လုပ်ထားပြီး သာမန်ပြည်သူတွေ စားသုံးနိုင်အောင် ဈေးနှုန်းသတ်မှတ်ကာ ရောင်းချတာဖြစ်ပါတယ်။

မေး။ ။ ထုတ်ကုန်တွေကို ပြည်ပနိုင်ငံကို ပို့ခဲ့တာရှိပါသလား။

ဖြေ။ ။ ပြည်ပနိုင်ငံကို ပို့တာမရှိသေးပါဘူး။

မေး။ ။ စားသုံးသူပြည်သူတွေကို ဘာများပြောချင်တာ ရှိပါသလဲ။

ဖြေ။ ။ ဘုတ်ဆုံမကထွက်ရှိတဲ့ စားသောက်ကုန် ပစ္စည်းတွေကို စားသုံးသူတွေအနေနဲ့ စိတ်ချလက်ချစားသုံးနိုင်ပါတယ်။ ငရုတ်သီးကုန်ကြမ်း၊ ငါးပိကုန်ကြမ်းတွေ ဝယ်ယူတဲ့အခါမှာ သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေကိုသာဝယ်ယူပြီး FDA ရဲ့ ညွှန်ကြားချက်၊ သတ်မှတ်ချက်၊ စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်တာဖြစ်တဲ့အတွက် စားသုံးသူတွေအနေနဲ့ စိတ်ချလက်ချ ဝယ်ယူစားသုံးလို့ရပါတယ်ဆိုတာကို ပြောကြားချင်ပါတယ်။ ။

တွေ့ဆုံမေးမြန်း-အေးမဉ္ဇူ (ပြန်/ဆက်)၊ ဓာတ်ပုံ-ဌေးဌေး

No comments:

Post a Comment