Thursday, January 4, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

 



နေပြည်တော် ဇန်နဝါရီ ၃

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် / ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား သင်တန်းသူများ၏ အင်္ဂလိပ်စာစွမ်းရည် စားပွဲဝိုင်းဆွေးနွေးမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းဝန်ထမ်းများအနေဖြင့် မိမိတို့ လေ့လာဆည်းပူးတတ်မြောက်ခဲ့သည့် ပညာရပ်များကို မိမိတို့ရုံးဌာနခွဲအသီးသီး၌လည်း ပြန်လည်ဆင့်ပွားသင်ကြားပေးကြရန်၊ မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်လာစေရန် ပညာတန်ဆောင်ကို လက်ဆင့်ကမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးစားအားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းနည်းပြ ဦးသန်းဆွေက သင်တန်းလေ့ကျင့်သင်ကြားပေးခဲ့မှုနှင့် တိုးတက်ဖြစ်ထွန်းမှုများ ရှင်းလင်းပြောကြားခဲ့ပြီး ထူးချွန်ဆုရဝန်ထမ်းများကို ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ကို ရက်သတ္တ ၁၀ ပတ်ကြာ ကျွမ်းကျင်နည်းပြက စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် နည်းပြတို့က အင်္ဂလိပ်စာ စွမ်းရည်တိုးတက်မှုအခြေအနေများကို အပတ်စဉ်အကဲဖြတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment