Tuesday, December 12, 2023

ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် တောင်းသူချေးငွေများ ဖိအားပေးတောင်းယူ ခံနေရဟု လူမှုကွန်ရက်စာမျက်နှာတို့တွင် သတင်းတု သတင်းအမှားများ ရေးသားဖြန့်ဝေ လျက်ရှိ



နေပြည်တော် ဒီဇင်ဘာ ၁၂

“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည် ဟု ကောလာဟလ သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူဦးကြီးများ စိုက်ပျိုးစရိတ် ကုန်ကျမှုများကို အထောက်အကူပြုနိုင်ရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း၊ ယင်းသို့ထုတ်ချေးရာတွင် ယခင်နှစ်ကြွေးကျန် ကျေပြီးမှသာ ချေးငွေအသစ်ထုတ်ချေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ကြွေးကျန်များ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/ မြို့နယ်ဘဏ်ခွဲများအနေဖြင့် ကြွေးကျန်ချေးငွေ ကောက်ခံရေးဆောင်ရွက်ရာတွင် စည်းရုံးကောက်ခံသည့်နည်းလမ်းဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ချေးငွေပေးဆပ်ရန်ပျက်ကွက်နေသည့် မည်သည့်တောင်သူ တစ်ဦးတစ်ယောက်ကိုမျှ အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်းနှင့် ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ကြွေးကျန်များပေးဆပ်ပြီးသည့် တောင်သူများကိုချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့်သတင်းသည် ပြည်ဖျက်မီဒီယာများက တောင်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းမှားများဖော်ပြခြင်းသာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် တောင်သူများအကြားတွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။


No comments:

Post a Comment