နေပြည်တော် ဒီဇင်ဘာ ၂၂
လူငယ်နှင့်စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်တို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် နောက်ဆုံးနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှု အားပေးကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးများသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
“လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြခန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်
သဘာဝအလှရှုခင်းများအား လက်ရာမြောက်စွာ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုကို
ကြည့်ရှုအားပေးကြသည်။
ထို့နောက် ကျောင်းသား၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
စိတ်ဝင်စားဖွယ်ရာ ခင်းကျင်းပြသထားသည့် ဝန်ကြီးဌာနပြခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကြရာ
ပြခန်းတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို
ပြည်သူများ သိရှိစေရန် စနစ်တကျ ခင်းကျင်းပြသထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
ပါဝင်ဆင်နွှဲ
ယင်းနောက် ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားပျော်ရွှင်ဖွယ် စီစဉ်ဆောင်ရွက်ပေးထားသည့် ကစားနည်းများနှင့်
ဉာဏ်စမ်းပဟေဠိကစားနည်းများတွင် ပွဲတော်လာပြည်သူများ၊ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ
စိတ်အားတက်ကြွစွာ ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပြခန်း၏
အစီအစဉ် တစ်ခုဖြစ်သည့် ဗဟုသုတဖြစ်ထွန်းစေမည့်
စာအုပ်/ စာပေကောင်းများကို စတူဒီယိုခန်းမတွင် အသံ ဖြင့် ဖတ်ကြားစေပြီး ဖမ်းယူရရှိသည့်
အသံများကို မျက်မမြင်သင်တန်းကျောင်းများအတွက် လှူဒါန်းနိုင်ရန် ဆောင်ရွက်ထားသည့် အစီအစဉ်တွင်
ပွဲတော်လာပြည်သူများ အသံကုသိုလ်ပါဝင် လှူဒါန်းနေမှုနှင့် ပြည်သူများတီဗွီ ဖန်သားပြင်မှသာ
တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့်ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ
ကိုယ်တိုင်ဝင်ရောက်သတင်း ကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန်
စီစဉ်ဆောင်ရွက်ပေးထား မှုတို့ကို ကြည့်ရှုအားပေးကြသည်။
သီဆိုဖျော်ဖြေ
ထို့နောက် ပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးမှု
အထိမ်းအမှတ်အဖြစ် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “မနောမြေမှတေးသံသာ”
သီချင်းဖြင့် မြိုင်မြိုင်သီဆိုဖျော်ဖြေမှုများနှင့်အတူ တိုင်းရင်းသားအကအဖွဲ့များ၊
ပွဲတော်လာကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တပျော်တပါး စုပေါင်းကပြဆင်နွှဲမှုများကို
ကြည့်ရှု အားပေးကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ပွဲတော်အတွင်း ပြကွင်း၊
ပြကွက်များအလိုက် စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲနေကြသည့် ကျောင်းသား ကျောင်းသူများ၊
လူငယ်များနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ကျင်းပပြီးစီး
အဆိုပါ ပွဲတော်ကို လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ
ထက်မြက်လာစေရေး အတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်၊
လူငယ်များ စာပေနှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့်
အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု
သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့်
မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို
သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ် များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ
ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာနအသီးသီးက
ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင် စေရန် ဒီဇင်ဘာ ၂၀ ရက်မှ
၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးရာ ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊
အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာ ရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊
ကျောင်းသား လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စား စွာဖြင့် ပွဲတော်ကျင်းပသည့် ဝဏ္ဏသိဒ္ဓိအားကစားရုံခန်းမကြီး
ပြည့်လျှံသည်အထိ တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် လူငယ်နှင့်
စာပေအနုပညာပွဲတော် အောင်မြင် စွာ ကျင်းပပြီးစီးခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment