Monday, December 4, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် e – Government အထောက်အကူပြု သတင်းအချက်အလက်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

 

မကွေး ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်သည့် e – Government အထောက်အကူပြု သတင်းအချက်အလက်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။



ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology - ICT)  ဆိုသည်မှာ ယနေ့ကမ္ဘာမှာ အချိန်နှင့်အမျှပြောင်းလဲတိုးတက်နေပြီး နေရာတိုင်းကဏ္ဍတိုင်းမှာ တွင်ကျယ်စွာ အသုံးပြုနေကြသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသော ကဏ္ဍများတွင် ICT နည်းပညာကို အကျိုးရှိ ထိရောက်အောင် အသုံးချနိုင်မယ်ဆိုလျှင် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအားကောင်း လာစေနိုင်မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအကြား အုပ်ချုပ်မှုယန္တရား ပိုမိုလျင်မြန်လွယ်ကူ ထိရောက်စေရေး၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ အချက်အလက်ဖလှယ်မှု၊ အချက်အလက်များ၊ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများ မျှဝေသုံးစွဲမှု၊ နိုင်ငံတော်အစိုးရနှင့်နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် Government to Government (G2G) ကဏ္ဍစတာတွေမှာ ဟန်ချက်ညီညီဆောင်ရွက်ကြမှသာ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် e-Government ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်ဖြစ်ထွန်းလာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသော Digital စနစ်ကို ကူးပြောင်းပြီး e-Government စနစ် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် National Database စနစ်တည်ဆောက်ခြင်း၊ e-Government စနစ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသောလုပ်ငန်းတွေမှာ မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အချက်အလက်များကို Digital စနစ်ကူးပြောင်းပြီး အချက်အလက်များ ဖြည့်သွင်းနိုင်ရေး၊ ဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် အချက်အလက်တိုင်းကို Digital ပုံစံကူးပြောင်းပြီး Database ပုံစံသိမ်းဆည်းနိုင်ရေး စတာတွေကို ဆောင်ရွက်နိုင်ဖို့အတွက် e-Government အထောက်အကူပြု အချက်အလက်စီမံခန့်ခွဲမှုစနစ် သင်တန်းကို ယခုလို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဦးဆောင်ပြီး ဖွင့်လှစ်ပေးတဲ့ ဒီသင်တန်းကို သေချာအလေးအနက်ထားပြီး တက်ကြဖို့နဲ့ သင်တန်းကနေ သင်ယူခဲ့ရတာတွေကို  မိမိဌာနရဲ့ အချက်အလက်များကို ဖြည့်သွင်းရာမှာ ဒီသင်တန်းကနေ သင်ကြားပို့ချ ပေးလိုက်သော ပညာရပ်တွေပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့်  မိမိတို့ သင်ယူ တတ်မြောက်လာမည့် ပညာရပ်နှင့် တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်ပြီး အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်တွေကို ပုခုံးပြောင်းထမ်းရွက်နိုင်ကြမည့် လူတော်လူကောင်းများဖြစ်လာအောင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဦးစိုးလင်းအောင်မှ သင်တန်းပို့ချမည့် အစီအမံများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြသည်။

ယင်းနောက် သင်တန်းအတွက် သင်တန်းအထောက်အကူပြုပစ္စည်းများကို မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာရုံးများမှ သင်တန်းသား၊ သင်တန်းသူ (၈၀)ဦးအား သင်တန်းနည်းပြများမှ ဒီဇင်ဘာလ (၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)

No comments:

Post a Comment