Tuesday, December 12, 2023

(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ သံဃာတော် ၂၁၇ ပါး ရေးဖြေ ဖြေဆို

 

ရန်ကုန် ဒီဇင်ဘာ ၁၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်နေမှု၊ တောင်ဘက်တန်ဆောင်းရှိ Pagoda Digital Directory Control Center ထားရှိမည့်နေရာ၊ တောင်ဘက်တန်ဆောင်းလှေကားများ ပြုပြင်မှုနှင့် ပုညကုသလဗဟုကရအသင်းစောင်းတန်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားသည်။

ဖူးမြော်ကြည်ညို

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပနေသည့် (၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် ကြီးကြပ်ဆောင်ရွက်တော်မူကြသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲရေးဖြေ ဖြေဆိုနေကြသည့် သီးခြား စာချတန်း ၃၈ ပါး၊ သီးခြားစာသင်တန်း ၁၇၉ ပါး စုစုပေါင်း ၂၁၇ ပါး ဖြေဆိုနေမှုကို လှည့်လည်ဖူးမြော် ကြည်ညိုသည်။

စေတိယင်္ဂဏအသင်းကြီးကို ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စာလျှောက်မေးပွဲကြီးအား ၁၉၁၈ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရွှေတိဂုံစေတီတော်ရင်ပြင်၌ ပရိယတ္တိစာမေးပွဲများကျင်းပ၍ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲများကျင်းပ ဆောင်ရွက်ပေးခဲ့ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က အသင်းကြီးထံမှလွှဲပြောင်း တာဝန်ယူ၍ ၁၉၈၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိယခင် ရှေးအစဉ်လာများအတိုင်း စာလျှောက်မေးပွဲကြီးကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်းဟူ၍ နှစ်မျိုးရှိရာ သီးခြားစာသင်တန်းဖြေသံဃာများကို အသက် ၃၀ အတွင်းသာ ဖြေဆိုခွင့်ပြုပြီး သီးခြား စာသင်တန်းအောင်ပြီး သီးခြားစာချတန်းကို အသက် ၃၅ နှစ်အတွင်းသာ ဖြေဆိုခွင့်ရှိကြောင်း သိရသည်။

ယခင်(၁၀၄)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်းမှ စာဖြေသံဃာတော် လေးပါးနှင့် သီးခြားစာသင်တန်းမှ ရေးဖြေသံဃာတော် ၁၁ ပါး စုစုပေါင်း သံဃာတော် ၁၅ ပါးတို့ အောင်မြင်တော်မူခဲ့ပြီး ယခုနှစ် (၁၀၅)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်း၌ သံဃာတော် ၃၈ ပါး၊ သီခြားစာသင်တန်း၌ သံဃာတော် ၁၇၉ ပါး စုစုပေါင်း သံဃာတော် ၂၁၇ ပါးတို့ ဖြေဆိုတော်မူကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment