Sunday, December 24, 2023

ပြည်ထောင်စုဝန်ကြီးဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကင်းလပ်ကျေးရွာသို့ ရောက်ရှိပြီးကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာကုန်ထုတ် လုပ်ငန်းများပေါ်ထွန်းလာရေးအတွက် ကျေးရွာသူကျေးရွာသားများအားလုံး ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်တစ်ဦးက ကျေးရွာဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း လမ်းအရှည် ပေ ၁၂၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် တန် ၂၀ ကျ ပုလဲအမှတ်() အဆင့်မြင့်ဆန်စက်သို့ရောက်ရှိပြီး သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်းကြရန် တိုက်တွန်းမှာကြားပြီး မြို့နယ်သမဝါယမအသင်းစုပိုင် တန် ၂၀ ကျ အဆင့်မြင့်ဆန်စက် လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆန်စက်အား စွမ်းအားပြည့်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၄၀၇ အိမ်၊ လူဦးရေ ၁၇၉၀ နှင့် စိုက်ပျိုးမြေ ဧက ၅၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် တောင်နောက်ကျေးရွာနှင့် သင်တောင်းကျေးရွာဆက်သွယ်သော ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery & Snack) ထုတ်လုပ်မှုနည်းပညာအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်းများကိုသာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး လုပ်ငန်းထူထောင်ဖို့ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခုအခါစီမံကိန်းသင်တန်းများ ဖွင့်လှစ်ပို့ချပြီးပါက သင်တန်းတွင် ထူးချွန်သူများအနက်မှ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မည့်သူ ငါးဦးကို ရွေးချယ်ပြီးတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က သင်တန်းမှလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့်ရရှိသည့် ထူးချွန်သူသင်တန်းသားများအနေဖြင့် ရရှိသည့်အခွင့်အရေးကို အကျိုးရှိရှိအသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ကာ ခြောက်လအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသို့ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရယူမည် ဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကလည်း စီမံကိန်းလုပ်ငန်းများအမြဲမပြတ် စောင့်ကြည့်စစ်ဆေးကြရန် တိုက်တွန်းမှာကြားသည်။

ဆုများပေးအပ်ချီးမြှင့်

ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသားများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment