နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
ထူးချွန်အားကစားသမားများကို
ရွေးချယ်သွားမည်
ဦးစွာ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုကျင်းပသည့် အခြေခံ ပညာ
ကျောင်းသား အားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊
ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်အားကစားနည်းများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊
အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမား များကို ရွေးချယ်သွားမည်ဖြစ်သည့်အတွက်
ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း။
အားကစားမောင်မယ်များအနေဖြင့် မိမိ၏ဂုဏ်၊
ကျောင်း၏ ဂုဏ်၊ မြို့နယ်၏ ဂုဏ်၊ တိုင်းဒေသကြီး/ ပြည်နယ်၏ ဂုဏ်ကို
အားကစားထူးချွန်မှုဖြင့် စွမ်းဆောင်မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊
အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရာတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့်
ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ အနိုင်အရှုံးတစ်ခုတည်းကို
ဦးတည်ယှဉ်ပြိုင် ခြင်းမျိုးမဟုတ်ဘဲ ဇွဲရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊
သည်းခံမှု၊ စည်းလုံး ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းကမ်းရိုသေ လေးစားလိုက်နာမှု၊
ယဉ်ကျေးလိမ္မာမှု၊ အားကစားကို ချစ်မြတ်နိုးမှု စသည်တို့ကိုပါ
ဖော်ထုတ်ပြသရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ
အနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့်
ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန်
ကြိုးစားကြစေလိုကြောင်း။
မိမိတိုင်းဒေသကြီး/ ပြည်နယ်များ၏
ဂုဏ်ကိုဆောင်နိုင်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်အောင်
ကြိုးစားယှဉ်ပြိုင်ကြပြီး နိုင်ငံတော်မှ အားထားရသည့် အားကစားသမားများ ပေါ်ထွက်
လာအောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်း
တာဝန်ယူနိုင်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး
“အခြေခံ ပညာ ကျောင်းသားအားကစားပွဲတော်” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျောင်းသားအားကစားပွဲတော်
အထိမ်းအမှတ်အလံကို အားကစားမောင်မယ်များက စုပေါင်းသယ်ယူ၍လွှင့်တင်ပြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင်ဝင်ရောက်
ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက
အားကစားသစ္စာအဓိဋ္ဌာန် ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ကျွမ်းဘားသရုပ်ပြသမှု ကြည့်ရှု
ဆက်လက်၍ အခမ်းအနားသို့
တက်ရောက်လာကြသူများက အခြေခံပညာအထက်တန်းကျောင်း များမှ ကျောင်းသား ကျောင်းသူများနှင့်
မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်တို့မှ အားကစားသမားများက အေရိုးဗစ်အက၊
စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ် အတွဲ (၃/၄) ၊ Physical Fitness Dance နှင့်
ကျွမ်းဘားအားကစား သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို
ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌
ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊
နည်းပြများ၊ အားကစားသမားများ စုစုပေါင်း ၁၈၅၀ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment