နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာစေရန် အားပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်ပစ္စည်းများဖြင့် သွင်းကုန်အစားထိုး အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ တာချီလိတ်မြို့နယ်မှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအရေအတွက်မှာ ၅၄ ခုရှိပြီး စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း ၂၂ ခုပါဝင်ကြောင်း သိရသည်။ အဆိုပါ စားသောက်ကုန်လုပ်ငန်းများအနက် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်ပစ္စည်းများဖြင့် သွင်းကုန်အစားထိုးတစ်နိုင်တစ်ပိုင်စီးပွားဖြစ်ဆောင်ရွက်နေသည့် တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်မှ ကြက်တံဆိပ်ပဲငံပြာရည်လုပ်ငန်းပိုင်ရှင် ဦးလှမောင်နှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်-
မေး။ ။ လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်ကို သိပါရစေ။
ဖြေ။ ။ ၁၉၈၀ ပြည့်နှစ်မှာ မိဘနှစ်ပါးက စတင်တည်ထောင်လုပ်ကိုင်ခဲ့ပြီး ကျွန်တော်ကတော့ မိဘဆီက အမွေဆက်ခံလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ အခုထုတ်လုပ်နေတဲ့ ကြက်တံဆိပ် ပဲငံပြာရည်က ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတယ် ဆိုတာပြောပြပေးပါဦး။
ဖြေ။ ။အဓိကကုန်ကြမ်းကတော့ ပဲပုပ်စေ့ဖြစ်ပါတယ်။ ပြောင်းနဲ့ ငချိတ်ဆန်ကိုလည်း အချိုးကျရောပေးရပါတယ်။ အချိုအရသာနဲ့ အရောင်အတွက်ကတော့ ကပ်စေးနှဲနဲ့ကြံသကာကို အသုံးပြုပြီး အနံ့အရသာကိုတော့ ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုပါတယ်။
မေး။ ။ ပဲငံပြာရည် ထုတ်လုပ်ပုံအဆင့်ဆင့်ကိုလည်း ရှင်းပြပေးပါ။
ဖြေ။ ။ နှစ်စဉ်ဝယ်ယူရရှိတဲ့ ပဲပုပ်စေ့တွေကို လှော်စက်ထဲထည့်လှော်ပါတယ်။ ပြီးရင် အမှုန့်ကြိတ်ပါတယ်။ ပဲပုပ်မှုန့်ကို ငချိတ်၊ ပြောင်းတို့နဲ့ အချိုးကျရောပေါင်းပြီး ဆားနဲ့အနည်းဆုံး သုံးနှစ်လောက်နှပ်ထားပါတယ်။ အဲဒီနှပ်ရည်ကို ပြန်ကျိုပြီးရလာတဲ့အရည်ကို အချိုအရသာနဲ့ အရောင်အတွက် ကပ်စေးနှဲနဲ့ ကြံသကာရည်ထည့်ပြီး အနံ့အရသာအတွက် သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ မက်ခါသီးစတဲ့ ဟင်းခတ်အမွှေးအကြိုင် ခုနစ်မျိုးကို အချိုးကျရောစပ်ပြီး ထပ်ထည့်ပါတယ်။ ဒါဆိုရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ ပဲငံပြာရည်ကို ရရှိပါပြီ။
မေး။ ။ ပဲပုပ်၊ ငချိတ်နဲ့ပြောင်းတို့ကို ရောပေါင်းတဲ့အခါနဲ့ နှပ်ရည်ကို ပြန်ကြိုတဲ့အခါတွေမှာ လောင်စာအနေနဲ့ ဘာကိုအသုံးပြုပါသလဲ။ ထင်းကို အသုံးပြုပါသလား။
ဖြေ။ ။ ပဲပုပ်နှပ်ရည်ကို ပြန်ကျိုပြီးတဲ့အခါ ပဲပုပ်ဖတ်တွေကျန်ခဲ့ပါတယ်။ အဲဒီပဲပုပ်ဖတ်တွေကို နေလှန်းပြီးခြောက်တဲ့အခါ လွှစာမှုန့်နဲ့ရောပြီး လောင်စာအနေနဲ့အသုံးပြုပါတယ်။ ပဲပုပ်ဖတ်မှာက ဆီပါတဲ့အတွက် မီးလောင်အားလည်း ကောင်းပါတယ်။ ထင်းအသုံးပြုစရာမလိုပါဘူး။
မေး။ ။ ကုန်ကြမ်း ဝယ်ယူစုဆောင်းမှုအခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။နှစ်စဉ် ဆောင်းဦးရာသီဖြစ်တဲ့ နိုဝင်ဘာလမှာ ဒေသထွက် ပဲပုပ်၊ ပြောင်း၊ ငချိတ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းပါတယ်။ ဒီဒေသမှာပဲ စိုက်ပျိုးတဲ့ထွက်ကုန်တွေ ဖြစ်တဲ့အတွက် ဝယ်ယူရတာလည်း အဆင်ပြေပါတယ်။
မေး။ ။ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနဲ့ ဈေးကွက်ဖြန့်ဖြူးရောင်းချမှု အခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ ပဲငံပြာရည်ကို တစ်ပတ်တစ်ကြိမ် ပုံမှန်ချက်ပါတယ်။ တစ်ခါချက်ရင် တစ်ဖာကို ပဲငံပြာရည်ပုလင်း ၁၂ လုံးပါ ၁၂၀ ဖာ၊ ပဲငံပြာရည် ပုလင်း ၁၄၄၀ ချက်ပြီး တာချီလိတ်မြို့ပေါ်က ကုန်စုံဆိုင်တွေကို လက်ကားရောင်းချပေးလျက်ရှိပါတယ်။ ဒီပဲငံပြာရည်က ဒေသထွက်ကုန်ပစ္စည်း တွေနဲ့ပဲထုတ်လုပ်ထားတာဖြစ်တဲ့အတွက် စားသုံးသူတွေလည်း သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင် အောင် ဆောင်ရွက်ပေးထားပါတယ်။ ပဲငံပြာရည်ချက်လုပ်ရာမှာတော့ လုပ်ငန်းစဉ်တစ်ခုလုံးကို လူလေးဦးနဲ့ပဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ လုပ်ငန်းဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲကို ပြောပြပေးပါဦး။
ဖြေ။ ။ အခက်အခဲရယ်လို့မရှိပါဘူး။ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို တာချီလိတ်မြို့နယ်က တောင်သူတွေဆီကနေ တိုက်ရိုက်ဝယ်ယူတာဖြစ်တဲ့အတွက် တောင်သူတွေလည်း အဆင်ပြေသလို ကျွန်တော်တို့အတွက်လည်း အဆင်ပြေပါတယ်။ နောက်ပြီး ဈေးကွက်ကလည်း ပုံမှန်ရှိနေတဲ့အတွက် အားလုံးအဆင်ပြေပါတယ်။
မေး။ ။လုပ်ငန်းဆက်လက်တိုးချဲ့မယ့် အစီအစဉ်ရှိပါသလား။
ဖြေ။ ။ လက်ရှိ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတာဖြစ်တဲ့အတွက် လောလောဆယ် တိုးချဲ့ဖို့မရှိသေးပါဘူး။
မေး။ ။ အခုချိန်မှာ နိုင်ငံတော်က အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေကို အားပေးမြှင့်တင်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့လုပ်ငန်းတွေကို စနစ်တကျမှတ်ပုံတင်နိုင်ခဲ့ပြီး ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုလည်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးတဲ့အတွက် စားသုံးသူတွေရဲ့ ယုံကြည်စိတ်ချမှုကို ပိုမိုရရှိလာခဲ့ပါတယ်။ အဲဒီအတွက် MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်နဲ့ အစစအရာရာကူညီဆောင်ရွက်ပေးတဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ကိုလည်း ကျေးဇူးတင်ပါတယ်။
တာချီလိတ်မြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများအနက်မှ ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းထွက် ကုန်ပစ္စည်းများဖြင့် သွင်းကုန်အစားထိုး တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆောင်ရွက်နေသည့် ကြက်တံဆိပ်ပဲငံပြာရည်လုပ်ငန်းသည် မိသားစုဝင်ငွေတိုးပွားရေးသာမက ဒေသရှိ စိုက်ပျိုးရေးတောင်သူများအတွက် ဈေးကွက်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
တွေ့ဆုံမေးမြန်း- သန်းဇော်၊ ဓာတ်ပုံ-ကျော်ဇေယျာလင်း
No comments:
Post a Comment