Tuesday, December 26, 2023

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ


 

နေပြည်တော် ဒီဇင်ဘာ ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ ဒီဇင်ဘာ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Fire Resistant Filing Cabinet ခြောက်လုံးအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၀၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် IK PLUS A4 စက္ကူ ကီလိုဂရမ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Tractor Head တစ်စီး နှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၁၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ထီလုံကျေးရွာအနီး၌ မြဝတီမှ ဘားအံသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Silicone Sealant ကော်ဘူး ၂၄၀၀၊ Nabati Wafer အထုပ် ၄၈၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၈၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၅ ဒသမ ၂၈၉ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၅၁၁၀) ကို လည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင် သစ်မာ သုည ဒသမ ၉၃၆ တန်နှင့် အခြားသစ် သုည ဒသမ ၄၃၃ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၈၅၅၂)ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၃၆၆၂) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၀၀၃၆၆၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment