နေပြည်တော် ဒီဇင်ဘာ ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊
လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာ အနီး၌ ဒီဇင်ဘာလ ၁ ရက် ည ၇ နာရီခန့်တွင် တင်ဇော်လတ်မောင်းနှင်၍
ကျော်စန်းဌေးလိုက်ပါလာသည့် CHENGLONG TIPPER မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင်
ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့ပြီး
စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ထန်ခိုဆေး အား ယင်းနေ့
ည ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ x ၂၈ ကြား၊ ၆၃
(C)လမ်းရှိ Hotel တွင် ဖမ်းဆီးရမိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ
၎င်း၏ နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA
LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ်
၁,၂၀၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂ ရက် နံနက်
၄ နာရီအချိန် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း(အရှေ့)ရပ်ကွက်နေ ဝင်းအောင် အား စိတ်ကြွရူးသွပ်ဆေးပြား
၁၈ သိန်း၊ PRADO မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး
သယ်ဆောင်ရောင်းဝယ်သည့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ
၅ ရက် နံနက် ၁၀ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာနေ
သန်းသန်းထွန်း(ခ)အားစိုင်းအား စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ
၈ ကီလို၊ SUPER CUSTOM မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာလ ၉ ရက်
ညနေ ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ မလားဆန်းခူးမီးအား
ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန် နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးဖော်ထုတ်ချက်များအရ
သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သို့ သယ်ဆောင်ရောင်းဝယ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား
ထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများကို ကလေးမြို့မှရှမ်းပြည်နယ်သို့
သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား
မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး
ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် အမှုတွင်
ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊
ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်
ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
No comments:
Post a Comment