Monday, December 4, 2023

တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 


နေပြည်တော် ဒီဇင်ဘာ ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆေးဝါး CYPROHEPTADINE ယားနာပျောက်ဆေးဘူး ၄၈၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်‌ဆောင် လာသည့် KIA PREGIO MINI BUS တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာ၌ တရားမဝင်အခြားသစ် ၂ ဒသမ ၄၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၇၂၆၀)ကို လည်းကောင်း၊ ဥက္ကံမြို့နယ် တဘူးလှဆည် တမံ(၂)အနီး၌ တရားမဝင်အခြားသစ် ၁၂ ဒသမ ၇၂၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၉၈၀၀)နှင့် အဆိုပါသစ်များတင်ဆောင်ထားသည့် Lifan Faw မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၆၇၀၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့လှိုင်သာယာရပ်ကွက် ကလေးတက္ကသိုလ်စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Baofeng တရုတ်နိုင်ငံထုတ် စကားပြောစက်ခုနစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀)နှင့် မုံရွာမြို့ ချင်းတွင်းတံတား၌ လိုင်စင်မဲ့ Dong Feng မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၃၁၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၁၄၄) နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ ၁ ဒသမ ၀၁၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၉၁၄၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲရှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၈၃၆၂၀၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment