Tuesday, December 5, 2023

အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

 

တောင်ကြီး ဒီဇင်ဘာ ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည် နယ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံ ကိန်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။




ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ ဆောက်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၂၀)ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ (၃၂)ရွာမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၈)ဦးနှင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဒေသအလိုက်အနေဖြင့် ရှမ်းပြည်နယ် ရုံး(၅)ခု၊ ရက်ကန်းကျောင်း(တောင်ကြီး)(၂)ခု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၁)ခု၊ လွိုင်လင်ခရိုင် (၅)ခု၊ တာချီလိတ်ခရိုင် (၅)ခု၊ လားရှိုးခရိုင် (၆)ခု၊ ရက်ကန်းကျောင်း(ကျောက်မဲ) (၂)ခု စုစုပေါင်း (၃၂)ခုအား တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေမှာဖြစ်ပါကြောင်း၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၂၀)အနက် ကျပ်သန်း(၁၆၀)ဖြင့် စီမံကိန်းလုပ်ငန်းနှင့် သက်ဆိုင်ပြီး စီမံကိန်းဒေသများမှ တောင်းဆိုသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ကျန်ရှိသော ကျပ်သန်း (၁၆၀)ကို လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူ (၁၆၀)ဦးကို တစ်ဦးလျှင် ကျပ်(၁၀)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ယခုအခမ်းအနားတွင် တောင်ကြီးခရိုင်နှင့် ကလောခရိုင်အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်း (၆)ခုတွင် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၃၀)ဦးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းအမည် (၁၆)မျိုး အရေအတွက် (၇၈)ခုအား ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းကို ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်သည့်အတွက် လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် စံနမူနာဖြစ်အောင် စီမံကိန်းအဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များနှင့်အတူတကွ ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ နောင်နှစ်များတွင်လည်း စီမံကိန်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ အခြားကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းများ အောင်မြင်လာပါက မိမိတို့အနေဖြင့် ဝင်ငွေတိုးပွားလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာမည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာ ရောက်မည်ဖြစ်သည့်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘော်နင်းကျေးရွာရှိ (၅)ဦးအတွက် Air Comperssor ၊ ဖိအားမြှင့်ရေဖြန်းစက်၊ ဘတ္ထရီအားသွင်းစက်၊ ဘောက်စပန်နာ(၆၄)မျိုး၊ လက်ကိုင်ဖောက်စက်၊ (ဘတ္ထရီအမျိုးအစား)ပေးအပ်၍လည်း ကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အလယ်ချောင်ကျေးရွာ (၅)ဦးအတွက် ဆီထုတ်စက်ပေးအပ်၍လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ကန်တန်ကျေးရွာ(၅)ဦးအတွက် StandDrill ၊14" High Speed Cutter ၊Portable Welding Machine ၊ Hand Drill(lmpact) Hand Grinderပေးအပ်၍ လည်းကောင်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီးက ကက္ကူကျေးရွာ(၅)ဦးအတွက် Oven၊ ဂျုံမွှေစက်ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ပံပင်ကျေးရွာ(၅)ဦးအတွက် ဆီထုတ်စက်ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မိုင်းသောက် ကျေးရွာ(၅)ဦးအတွက် တုံးလုံးချား၊ ချားခုံနှင့် စည်းကောက်ခုံ လက်ရက်ကန်းစင်၊ အထည်တင်စင်များကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

No comments:

Post a Comment