Wednesday, December 27, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ သွားရောက်ကြည့်ရှု


 

နေပြည်တော် ဒီဇင်ဘာ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ရှိ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ အစိုးရ နည်းပညာကောလိပ်(မန္တလေး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ သင်ကြား/သင်ယူမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆရာ ဆရာမများအနေဖြင့် သင်ကြားသင်ယူရေးနှင့် သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန် သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများနှင့်လက်တွေ့ခန်းများတွင် သင်ကြားသင်ယူ မှုဆောင်ရွက်နေကြသော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြော ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးနည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများအား သင်ကြားသင်ယူမှုများတွင် စာတွေ့လက်တွေ့များသာမက ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်း အမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသွားကြရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စက်ပစ္စည်းများ၊ အားကစားကွင်း၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်နှင့် တက္ကသိုလ်ကန်တင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသားများ၏ ဘောလုံးယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment