Saturday, December 23, 2023

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော် ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။










အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ သီလရှင်များ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ခရစ်ယာန် သာသနာအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Holy Cathedral Church သို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် ဆရာတော်ကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် အခမ်းအနားကို St. Mary’s Cathedral(စိန့်မေရီကာသီဒြယ်) ကျောင်းတော်ကြီးတွင် စတင်ကျင်းပရာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက အဖွင့်ဆုတောင်းပြီး လက်ထောက်ဆရာတော် နိုဝယ်စောနောအေးက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကာ ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ခရစ္စမတ်အမှာစကား ပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် အစိုးရအဆက်ဆက်တွင် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာယုံကြည်ခွင့်အား အသီးသီးသော ဘာသာဝင်များအားလုံး ရရှိခံစားကြရပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈)ခုနှစ် အခန်း(၈)၊ ပုဒ်မ(၃၅၄)(ဃ)အရ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှုကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်၊ ပုဒ်မ(၃၆၂)အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဉပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသည့် ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ဖော်ပြထားချက်များသည် ဘာသာဝင်တစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ ဘာသာဝင်အားလုံးအနေဖြင့် လည်းကောင်း၊ မိမိတို့၏ ယုံကြည်ချက်ခံယူချက်ကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်မှုအခွင့်အရေးကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီးလည်းဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ရှင်မဿဲခရစ်ဝင်ကျမ်း ၁: ၂၃ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း ၂:၁၃-၁၄ တို့တွင် ပါရှိသော ခရစ်တော်နှင့်ပတ်သက်သည့် ချီးမွမ်း၍ မြွတ်ဆိုခြင်းများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် သာသနာပိုင်ချုပ်၊ ဂိုဏ်းချုပ်ဆရာတော်၊ သိက္ခာတော်ရဆရာတော်များ၊ သီလရှင်များ စသည့် သာသနာပြုပုဂ္ဂိုလ်များကလည်း ဘုရားသခင်မှ လူသားတစ်ဦးချင်းစီကို မေတ္တာကရုဏာများပေးနိုင်အောင် ကမ္ဘာမြေကြီး ငြိမ်သက်ခြင်းရှိစေအောင် မိမိတို့သာမန်လူသားများထက် ပိုမို၍ ကိုးကွယ်ယုံကြည်ရာ ဘာသာဝင်မျာကိုယ်စား ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့သပေးနိုင်ရေးကိုလည်း မေတ္တာရပ်ခံပါကြောင်း။

ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသား မပါမဖြစ် ပါရှိကြသဖြင့် “မေတ္တာ” သည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်ပါကြောင်း၊ အလားတူပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူစေနိုင်မှာဖြစ်ကြောင်း၊ လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များ အားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်ပါကြောင်းနှင့် မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် တေးသံရှင်များက ဂုဏ်တော်ချီးမွမ်းပြီး Rev.D, ဦးအေးမင်းက သမ္မာကျမ်းစာတော်မြတ်အတုန့်အပြန် ဖတ်ကြားခြင်းကို လည်းကောင်း၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးက အထူးဆုတောင်းခြင်းကို လည်းကောင်း၊ (CBCM) သီလရှင် စစ္စတာမိုင်ဒိုရင်း က သမ္မာကျမ်းစာတော်မြတ်ဖတ်ကြားခြင်းကို လည်းကောင်း အသီးသီးဖတ်ကြားဆုတောင်းကြပြီး ခရစ်စမတ်သံစုံအဖွဲ့မှ ခရစ်မတ်တေးသံသာဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန် ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူပြည်သားအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိကြပြီး ခန္ဓာစိတ်ဝမ်းငြိမ်းချမ်းကြပါစေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ အလုံးစုံတို့တွင် အဆင်ပြေချောမွေ့ကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ်ဆုတောင်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးတို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင်ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်အဖြစ် သစ်သီးခြင်းနှင့်တပ်မတော် ထုတ်ပစ္စည်းများအား ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းနှင့် လက်ထောက်ဆရာတော် နိုဝယ်စောနောအေးတို့က ခရစ္စမတ်အမှတ်တရ မေတ္တာလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် Rev. မန်ပါစတာက ကျေးဇူးတင်စကားပြောကြားပြီး ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် ကောင်းချီးပေးခြင်းတို့ကို ဆောင်ရွက်ကြပြီး ဓမ္မတေးသီချင်းများကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။

ယင်းနောက် Rev. စောစံအောင်က ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော် ချီးမွှမ်းခြင်း ဆောင်ရွက်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment