Saturday, December 23, 2023

 


နိုင်ငံက အားထားရသူများဖြစ်အောင်ကြိုးစား

နိုင်ငံသားတိုင်း အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့် အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

လူငယ်နှင့်စာပေအနုပညာပွဲတော်သည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဖြစ်မနေဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှုများစွာတို့အနက် လွန်စွာတန်ဖိုးရှိလှသည့် လူငယ်လူသားအရင်းအမြစ်များအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။ လူငယ်များအနေဖြင့် စူးစမ်းလေ့လာတတ်သောသဘာဝရှိပြီး စူးစမ်းလေ့လာမှုမှ တီထွင်ဆန်းသစ်မှုတို့ကို ဆောင်ရွက်တတ်ရာ လူငယ်များ သိလိုသည့်၊ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများကို တစ်နေရာတည်းတွင် တစုတဝေးတည်း လွှမ်းခြုံရယူနိုင်သည့် ဤကဲ့သို့သောပွဲတော်ကြီးမျိုး မကြာခဏကျင်းပနိုင်မည်ဟု မျှော်လင့်ပါသည်။

ကမ္ဘာပေါ်ရှိနိုင်ငံများကို ကြည့်မည်ဆိုလျှင် နိုင်ငံတိုင်းနီးပါးသည် မိမိတို့နိုင်ငံ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် Social Capital လူမှုအရင်းများ၊ Intellectual Capital ဉာဏအရင်းများကို အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကြပြီး မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏အခြေခံသည် ပညာတတ်လူ့အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ အဆိုပါအရင်းအမြစ်များ မဖြစ်မနေလိုအပ်နေသည်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အစိုးရက နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်သည်။ ခေတ်စနစ်များ မည်သို့ပင် ဖြတ်သန်းပြောင်းလဲနေသည်ဖြစ်စေ လူငယ်မျိုးဆက်များအနေဖြင့် အတွေးအခေါ် ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စအပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာစေရန်အတွက် လူငယ်များ၏ ကြိုးစားအားထုတ်မှုအခွင့်အလမ်းများနှင့် စွမ်းရည်မြှင့်တင်ရေးအပိုင်းများကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ်တည်ရှိနေအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လူငယ်များအား ထူးချွန်ထက်မြက်သူများဖြစ်လာအောင် လမ်းဖွင့်ပေးရန်၊ အခွင့်အလမ်းများဖန်တီးပေးရန် လိုအပ်သည်။ “နိုင်ငံတော်အစိုးရအနေဖြင့် လူငယ် စွမ်းအားစုတစ်ရပ်လုံးကို နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုး ထားသည့်အတွက် လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများကို ချမှတ်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ အကြောင်းကြောင်းကြောင့် လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များကိုလည်း မိဘနှင့် သားသမီးကဲ့သို့ မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိစေရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်ပေးလျက်ရှိသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်က ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” နှင့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် အချက်နှစ်ချက်ကို ဖော်ဆောင်လျက်ရှိရာ ဤသို့ပွဲတော်များမှတစ်ဆင့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာအောင် ပံ့ပိုး ပေးနိုင်လိမ့်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့်ကိုက်ညီအောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လူငယ်ပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့်စာပေအနုပညာပြပွဲများ၊ ကျောင်းသားအားကစား ပြိုင်ပွဲများ၊ အာဆီယံနှင့်ဒေသတွင်း နိုင်ငံတကာအစည်းအဝေးပွဲများနှင့် ပြပွဲပြိုင်ပွဲများတွင် လူငယ်များ တက်ရောက်ဆွေးနွေးပြသ ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်ပေးနိုင်သည့်အတွက် အသိပညာနှင့် အတွေးအမြင်များ ပိုမိုဆန်းသစ်ဖြစ်ထွန်းလာသည်ကို မြင်တွေ့နေပြီဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်လာနိုင်ရေး၊ လူငယ်များ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးပြီး နိုင်ငံ့တာဝန်ကျေပွန်သည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရေး၊ အစဉ်လေ့လာသင်ယူမှုများနှင့် အတတ်ပညာ၊ အသိပညာပြည့်စုံပြီး နိုင်ငံ့အနာဂတ်အတွက် အားကိုးအားထားပြုနိုင်ရေးတို့ကို ဆက်လက်အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment