Friday, December 22, 2023

နိုင်ငံချစ်စိတ်ဖြင့် ပြည်ထောင်စုကိုကာကွယ်

 


ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးအားလုံးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ မရှိအတူရှိအတူ၊ အေးအတူပူအမျှ စည်းလုံးညီညွတ်စွာဖြင့် အတူတကွနေထိုင်လာခဲ့ကြသည်။ ၁၉ ရာစုအတွင်း၌ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများ၏ အပြိုင်အဆိုင်ကျူးကျော်လာမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ဘိုးဘေးဘီဘင်များက နယ်ချဲ့တို့၏ ဖိနှိပ်သွေးခွဲအုပ်ချုပ်မှုများ၊ ကုပ်သွေးစုပ် အမြတ်ထုတ်မှုများကြားမှ နိုင်ငံနှင့်လူမျိုးကိုချစ်သည့်စိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံပြီး တိုင်းပြည်ကျွန်ဘဝမှ လွတ်မြောက်အောင် အသက်သွေးချွေးများပေးဆပ်ပြီး ကြိုးပမ်းအားထုတ်ခဲ့ရာ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ နယ်ချဲ့လက်အောက် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရခြင်းသည် စည်းလုံးညီညွတ်မှုမခိုင်မာမှုနှင့် နိုင်ငံ့အင်အားမတောင့်တင်းမှုတို့ကြောင့်ဖြစ်သည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်ခဲ့မှု၏ အကျိုးဆက်များ ကျန်ရှိနေဆဲဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

ထို့ကြောင့် “နိုင်ငံတော်ပြိုကွဲပျက်စီးမှုမဖြစ်စေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ်လူငယ်များကို အသိပညာပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ခွင်ဖြစ်ပေါ်နေသော နိုင်ငံတကာအခြေအနေများအရဖြစ်စေ၊ မြန်မာနိုင်ငံ၏ ပကတိအရှိအခြေအနေများအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့သည် အားလုံးအတွက် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးအမျိုးသားရေး ရည်မှန်းချက်၊ အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးတာဝန်များဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အေးခေတ်နှောင်းပိုင်းကာလများတွင် အင်အားကြီးနိုင်ငံကြီးများသည် အင်အားနည်းသည့်နိုင်ငံငယ်များအပေါ် ထိန်းချုပ်ခြယ်လှယ်နိုင်ရန် သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများ၌ နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

အထူးသဖြင့် အင်အားကြီးနိုင်ငံကြီးအချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များကို ၎င်းတို့၏ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များအဖြစ် စည်းရုံးသိမ်းသွင်းမွေးမြူပြီး နိုင်ငံအတွင်းမျက်နှာစာအသီးသီးမှ ထိုးဖောက်ဝင်ရောက်ကာ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး စသည့်ကဏ္ဍပေါင်းစုံတွင် မတည်မငြိမ် ကမောက်ကမဖြစ်အောင် မီးမွှေးပေးမှုများ၊ လုပ်ကြံဖန်တီးမှုများနှင့် သွေးထိုးမြှောက်ပင့်ပေးနေမှုများကို မြင်တွေ့ကြရမည်ဖြစ်သည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားပြည်သူအရေးစသည်တို့ကို ရှေ့တန်းတင်ယောင်ပြပြီး လိုသလိုပုံဖော်လုပ်ဆောင်မှုများနှင့် ဖိအားပေးအကျပ်ကိုင်မှုများ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ကြိုးဆွဲသူ နယ်ချဲ့လက်သစ်ဩဇာလောင်းရိပ်အောက်သို့ ရောက်အောင် ကြိုးစားနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

မျက်မှောက်ကာလ ယင်းသို့သောအခြေအနေများတွင် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိနိုင်ငံကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်စွမ်းမရှိပါက တိုင်းပြည်ဖရိုဖရဲပြိုကွဲသွားနိုင်သကဲ့သို့ နယ်ချဲ့လက်သစ်တို့အလိုကျ လိုသလိုပုံသွင်း လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်မှုများနှင့် လက်အောက်ခံနိုင်ငံ၊ ဩဇာခံနိုင်ငံအဖြစ်သို့ ရောက်သွားနိုင်သည်ကို သတိမူကြရမည်ဖြစ်သည်။ ယနေ့ကာလတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းမရှိဘဲ နိုင်ငံနှင့်ပြည်သူလူထုအကျိုးကို လျစ်လျူရှုပြီး တစ်ဦးနှင့်တစ်ဦး သံသယများ၊ အတ္တမာနများ၊ လွဲမှားသည့်အယူအဆများဖြင့် ဆက်လက်လုပ်ကိုင်နေမည်ဆိုပါက နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားသည်ကို သတိပြုရမည်ဖြစ်သည်။

အထူးသဖြင့် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြရမည့် မျိုးဆက်သစ်လူငယ်လူရွယ်လေးများအနေဖြင့် နိုင်ငံ၏နောက်ခံသမိုင်းကြောင်းနှင့် မျက်မှောက်ကာလ ပြည်တွင်း၊ ပြည်ပအခြေအနေများကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်စွမ်းရှိပြီး မှန်ကန်သောအသိအမြင်များနှင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသည့် သားကောင်းရတနာများဖြစ်အောင် ပျိုးထောင်ကြိုးစား အားထုတ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံစည်းလုံးညီညွတ်မှုနှင့်အင်အားတောင့်တင်းခိုင်မာမှုမရှိပါက တိုင်းပြည်ပြိုကွဲပျက်စီးပြီး နယ်ချဲ့လက်အောက် သို့မဟုတ် လက်ဝေခံဘဝသို့ တစ်ဖန်ပြန်လည်ကျရောက်သွားနိုင်သဖြင့် နယ်ချဲ့လက်သစ်နိုင်ငံများ၏ ပရိယာယ်ကို သတိမူပြီး တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ 

ကြေးမုံ(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment