နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အကြိမ် (၂၀) မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယသမ္မတ နိုင်ငံနယူးဒေလီမြို့သို့ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ဒုတိယဝန်ကြီးသည်
ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် နယူးဒေလီမြို့ရှိ ဟိုက်ဒြာဘတ်
အစိုးရဧည့်ဂေဟာ၌ကျင်းပသည့် အကြိမ် (၂၀) မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား
မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ပြီး ဆွေးနွေးပွဲတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန
နိုင်ငံခြားရေးအတွင်းဝန် မစ္စတာဗီနေးမိုဟန် ကွာထရာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။
ဆွေးနွေးပွဲတွင်
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ
ကိစ္စရပ်များနှင့် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍ
ပူးပေါင်းဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏
ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊
ကောင်စစ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်
ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို
နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ
ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူမား၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊
မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ထို့နောက်
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာအား
ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပြည်ပရေးရာဝန်ကြီး၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံပြီး
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊
နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ
ပူးပေါင်းဆောင်ရွက်သွားရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment